Home ထိပ်တန်းသတင်း ကယန်းပြည်သစ်ပါတီ အ‌ခြေစိုက်ရာ‌ဒေသမှာ နအဖ တပ်အင်အားတိုးချဲ့

ကယန်းပြည်သစ်ပါတီ အ‌ခြေစိုက်ရာ‌ဒေသမှာ နအဖ တပ်အင်အားတိုးချဲ့

3144
နိုဝင်ဘာလ ၁ဝရက်။ ‌စောခါးစူးညား (‌ကေအိုင်စီ)

ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့နယ်ရှိ နယ်ခြား‌စောင့်တပ်နှင့် ပြည်သူ့အသွင်‌ပြောင်းလဲရန် ငြင်းဆန်‌နေသည့် ကယန်းပြည် သစ်ပါတီ(KNLP) အ‌ခြေချ‌နေထိုင်သည့်‌နေရာကို ယခုရက်ပိုင်းများအတွင်း နအဖ ‌ဒေသကွပ်ကဲ‌ရေးစစ်ဌာနချုပ်(ဒကစ) လက် ‌အောက်ခံ တပ်ရင်း ၄ရင်း လာ‌ရောက်အင်အားတိုးချဲ့‌နေသည်ဟု စုံစမ်းသိရှိရသည်။

ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၉ရက်‌နေ့မှစ၍ အဆိုပါ‌ဒေသကို နအဖ ဒကစ လက်‌အောက်ခံရင်း ၄ရင်းဖြစ်သည့် ခမရ(၃၃၇)၊ ခမရ(၈၅)၊ ခမရ(၂၂၃)နှင့် ခလရ(၄၂၁)တို့ (KNLP)နယ်‌မြေအတွင်း နအဖ တပ်အင်အား လာ‌ရောက်ချထား‌ကြောင်း ကယန်းမျိုး ဆက်သစ် လူငယ်များအဖွဲ့(KNGY)၏ သတင်းနှင့် ပြန်ကြား‌ရေးတာဝန်ခံ ခွန်း‌ရော်ဘင်ဆန်က ‌ကေအိုင်စီကို ယခုလို‌ပြောသည်။

သူက “ကယန်းပြည်သစ်ပါတီက နယ်ခြား‌စောင့်တပ်‌ပြောင်းဖို့၊ ပြည်သူ့စစ်အသွင်‌ပြောင်းဖို့ လုံးဝ လက်မခံဘူး‌လေ။ အဲဒါ‌ကြောင့် နအဖက အခုလို လာပြီး စစ်အင်အားနဲ့ လာခြိမ်း‌ခြောက်တာ ဖြစ်နိုင်ပါတယ်။”ဟု ‌ပြောဆိုသည်။

သို့‌သော် အဆိုပါ နအဖ တပ်ရင်းများသည် ဖယ်ခုံနယ်မြို့နယ်၊ ကယန်း‌ဒေသအတွင်း လာ‌ရောက်လှုပ်ရှား‌သော်လည်း လူ့အခွင့် အ‌ရေး ချိုး‌ဖောက်မှုများ တစုံတရာ ပြုလုပ်ခြင်းမရှိ‌ကြောင်း ဖယ်ခုံ‌ဒေသခံ ပြည်သူများက ‌ပြောဆို‌နေကြသည်။

ကယန်းပြည်သစ် အ‌ခြေစိုက်ရာ‌ဒေသတွင် ယခုလို တိုးချဲ့‌ရောက်ရှိလာသည့် အင်အား ၂၀ဝ ဝန်းကျင်ရှိ နအဖ တပ်ရင်း ၄ရင်း နှင့် နယ်‌မြေခံ ခမရ(၃၃၆)တပ်ရင်းများသည် ဖယ်ခုံမြို့နယ်ရှိ ဆီးဘူး၊ ပြင်‌ဆောင်၊ ‌ကျောက်‌ဆောင်ဖူး‌လော၊ ကန်ဆန်း၊ ‌တောင် တန်း၊ ‌ရေကန်ဖူး‌လော၊ သိုတန်၊ မိုးဗြဲ၊ ပီကင်း၊ နန်းကဲ၊ ဝါ‌ဆောင်၊ လန်း‌ဂေါ၊ ဘိုဘျာ၊ ‌တောင်မြင့်၊ စီလီသလန်၊ ဇီးဖြူ‌တောင်၊ ရွာ တန်းရှည်၊ လုံးကဲ၊ လှိုင်းလီ၊ ရွာကြီး၊ ကန်လှနှင့် သ‌ပြေကုန်း ‌ကျေးရွာများတွင် လှုပ်ရှား‌နေသည်ဟု သိရသည်။

စစ်အစိုးရကို ‌တော်လှန်ရန် ကယန်းပြည်သစ်ပါတီကို ၁၉၆၄ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄ခုနှစ်၌ စစ်အစိုးရနှင့် ပစ်ခတ်ရပ် စဲ‌ရေးကို သ‌ဘောတူလက်မှတ်ထိုးခဲ့သည်။ လက်ရှိ အင်အား ၂,၀၀ဝ ဝန်းကျင်ရှိ ကယန်းပြည်သစ်ပါတီသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် အ‌စောပိုင်းတွင် စစ်အစိုးရက နယ်ခြား‌စောင့်တပ် သို့မဟုတ် ပြည်သူ့စစ်အသွင်‌ပြောင်းရန် ဖိအား‌ပေးခဲ့သည်။

KNLP သည် ၎င်းတို့၏ ဌာနချုပ်ကို ရှမ်းပြည်နယ်‌တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီဘူးတွင် ထားရှိသည်။