စက်တင်ဘာ ၂၇ရက်။ စောသိန်းမြင့် (ကေအိုင်စီ)
ထိုင်းနိုင်ငံ မဲဆောက်မြို့မြောက်ဘက် (၄၅)ကီလိုမီတာ အကွာအဝေးရှိ မယ်လဒုက္ခသည်စခန်းတွင် AH1N1 ခေါ် Swine Flu ရောဂါပိုးရှိသူ ၂ဦးကို ယခု လလယ်ပိုင်းတွင် ထပ်မံ စမ်းသပ်တွေ့ရှိသည်ဟု မယ်လစခန်းဆေးရုံတာဝန်ခံက ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၁၄ရက်နေ့တွင် Shoklo Malaria Research Unit (SMRU)က စခန်းထဲရှိ မယ်လဒုက္ခသည် လူနာ များ၏ နှာရည်တချို့ကိုယူကာ မဲဆောက်ဆေးရုံကြီးသို့ ပို့ဆောင်စမ်းသပ်မှုများ ပြုလုပ်ပြီးနောက် စက်တင်ဘာလ ၁၇ရက်နေ့၌ ရောဂါအဖြေကို တွေ့ရှိသွားခြင်းဖြစ်သည်ဟု မယ်လစခန်းဆေးရုံ တာဝန်ခံ စောနေဆဲက ပြောသည်။
“ဒီလအတွင်းမှာ ဆေးရုံကို လာတဲ့လူနာတွေဟာ ကိုယ်ပူ၊ နှာစေး၊ ချောင်းဆိုးတွေများတယ်။ ကလေးတွေ အပါအဝင်ပေါ့နော်။ အဲဒီလူနာအထဲမှာ ကလေးငယ် လေး၊ ငါးယောက်ရဲ့ နှာရည်တွေကို (SMRU) က Pneumonia Survey လုပ်ပြီးတော့ မဲဆောက်ဆေးရုံကို ပို့လိုက်တယ်။ အဲဒီအထဲမှာ ကလေးနှစ်ယောက်ကို AH1N1ရောဂါ Soil Positive တွေ့ရှိတယ်။”ဟု သူက ပြောသည်။
AH1N1 ရောဂါပိုး တွေ့ရှိသူကလေးငယ်နှစ်ဦးသည် ဇုံစီ ရပ်ကွက် (၂)တွင်နေထိုင်သည့် ၁နှစ်နှင့် ၄လအရွယ်နှင့် ဇုံဘီရပ် ကွက်(၂)ရှိ ၂လသားအရွယ်ရှိ ယောက်ျားလေးနှစ်ဦးတို့ဖြစ်ကြပြီး လက်ရှိအချိန်တွင် ၎င်းကလေးနှစ်ဦး အပါအဝင် Pneumo-nia ခေါ် အဆုပ်ရောင် ဝေဒနာခံစားနေရသည့် ကလေးလူနာများကို မယ်လစခန်းရှိ အေအမ်အိုင်ဆေးရုံ၏ သီးသန့်အဆောင် တဆောင်၌ ဆေးကုသထားသည်ဟု သိရသည်။
AH1N1 ရောဂါသည် ကိုယ်ပူချိန်မြင့်မားခြင်း၊ နှာစေး၊ လည်ချောင်းနာခြင်း စသည့်လက္ခဏာများတွေ့ရှိရပြီး ယင်းရောဂါ ဆက် လက် ကူးစက်မှုမဖြစ်ပွားအောင် မယ်လစခန်းမှ စခန်းတာဝန်ရှိသူများနှင့် ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက ရပ်ကွက်အ လိုက် ကွင်းဆင်းပညာပေးမှုများ လုပ်ဆောင်လျှက်ရှိသည်ဟု စောနေဆဲက ဆက်ပြောသည်။
ဇုံဘီ ရပ်ကွက်(၅)တွင် နေထိုင်သည့်သူတဦးက “ရပ်ကွက်အလိုက် စုစည်းမှုလုပ်ပြီးတော့ အသိပေး အကြောင်းကြားတာတွေ ရှိသလို အသံချဲ့စက်ကနေတဆင့် ပြောဆိုမှုတွေ ပြုလုပ်တာတွေလည်းရှိတယ်။ သင်တန်းပုံစံနဲ့ လိုက်ပေးတာတော့ မတွေ့ရ ဘူး။”ဟု ပြောသည်။
လူဦးရေ ၅သောင်းကျော်ရှိသည့် မယ်လဒုက္ခသည်စခန်းတွင် ယမန်နှစ် ၂၀၀၉ခုနှစ် ဩဂုတ်လကလည်း AH1N1 ရောဂါပိုးရှိသူ လူနာ (၄)ဦးကို စတင် စမ်းသပ်တွေ့ရှိခဲ့ရာ သုံးလအတွင်း လူနာ(၂၆)ဦးအထိ စမ်းသပ်တွေ့ရှိခဲ့သော်လည်း သေဆုံးမှုမရှိ ကြောင်း သိရသည်။