စက်တင်ဘာလ ၂၇ရက်။ နန်းထူးစံ (ကေအိုင်စီ)
ကရင်ပြည်နယ်အတွင်းရှိ နယ်ခြားစောင့်တပ်များသည် စစ်သင်တန်းတက်မည့် ကာလအတွင်း ၎င်းတို့ထိန်းချုပ်ထားသည့် နယ်စပ် ဒေသနေရာများကို လက်ရှိအချိန်တွင် နအဖ တပ်ရင်း (၅)ရင်း ရောက်ရှိလာကာ လုံခြုံရေးအတွက် နေရာဝင်ယူပေးနေသည်ဟု နယ်စပ်သတင်းများအရ သိရသည်။
အဆိုပါ နအဖ တပ်များသည် နယ်ခြားစောင့်တပ်များတည်ရှိရာ မြိုင်ကြီးငူဒေသများ၌ တပ်ရင်း ၃ရင်းနှင့် ကေအဲန်ယူ တပ်မဟာ (၇)ထိန်းချုပ်ခဲ့ရာ သောင်ရင်းမြစ်ကမ်းနေရာများတွင် တပ်ရင်း ၂ရင်းဖြင့် ဝင်ရောက်နေရာယူနေခြင်းဖြစ်ပြီး ၎င်းမှာ ယာယီ နေပေး ခြင်းသာဖြစ်ကြောင်း အမည်မဖော်လိုသူ နယ်ခြားစောင့်တပ် တပ်ရင်းမှူးတစ်ဦးက ယခုလို အတည်ပြု ပြောဆိုသည်။
သူက “စစ်တပ်တွေ ဝင်လာတယ်ဆိုတာ ဟုတ်တယ်။ မြိုင်ကြီးငူဒေသက ၃ရင်း၊ ကျနော်တို့နေတဲ့ တပ်မဟာ(၇)၊ မဲ့တရီတို့ဘက် ကို ၂ရင်း၊ အားလုံး ၅ရင်းပေါ့။ ကျနော်တို့ သင်တန်းတက်ရမယ်လေ။ သင်တန်းတက်တဲ့အချိန်မှာ ယာယီ လာနေပေးတာပဲ။ ကျနော်တို့ သင်တန်းပြီးရင် သူတို့ ပြန်သွားမှာပါ။”ဟု ကေအိုင်စီကို ပြောသည်။
နအဖ တပ်မ(၂၂) လက်အောက်ခံ တပ်ရင်းများဖြစ်သော ခမရ(၂၁၀)နှင့် (၂၀၃)တပ်ရင်းများသည် သောင်ရင်းမြစ်ကမ်းနံဘေးမှ နယ်ခြားစောင့်တပ်များ၏ နေရာများတွင် လုံခြုံရေးယူပေးရန် ပြီးခဲ့သော စက်တင်ဘာ ၂၄ရက်နေ့က ရောက်ရှိနေရာယူနေကြောင်း ကေအဲန်အယ်လ်အေ တပ်မဟာ(၇)၏ ရုံးထိုင်မှူး ဗိုလ်မှူးစောအယ်ဆဲဆဲက ယခုလို ပြောသည်။
သူက “ကျနော်တို့ သိရသလောက်က သူတို့(နယ်ခြားစောင့်တပ်)က သင်တန်းတက်ဖို့ သူတို့နေရာတွေမှာ လုံခြုံရေးယူပေးဖို့ နအဖ ခမရ(၂၁၀)၊ (၂၀၃)တို့ ရောက်လာတယ်။ ဒီမဲ့တရီဂွင်တို့၊ လယ်ဘော်ဟဲဂွင်တို့မှာပေါ့။ အင်အား ဘယ်လောက်ရှိမယ်ဆိုတာ တော့ မသိသေးဘူး။ အခုလောလောဆယ် ထူးထူးခြားခြား လှုပ်ရှားတာ မတွေ့သေးဘူး။ ရှေ့ဆက် သူတို့ ဘာအစီအစဉ်တွေ ရှိမ လဲဆိုတာတော့ စောင့်ကြည့်ရဦးမယ်။”ဟု ပြောသည်။
လက်ရှိအချိန်တွင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်အချို့ သင်တန်းရှိရာ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာရှိ စစ်လေ့ကျင့် ရေးစခန်းသို့ သွားနေပြီဟု ဗိုလ်မှူးစောအယ်ဆဲဆဲက ဆိုသည်။
သင်တန်းကာလ သုံးပတ်ခန့် ကြာမြင့်မည်ဖြစ်သည့် အဆိုပါစစ်သင်တန်းကို ယနေ့တွင် စတင် ပြုလုပ်နေပြီဖြစ်ပြီး မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် ဝဲကလိကျေးရွာရှိ စစ်လေ့ကျင်းရေးစခန်းတွင် နယ်ခြားစောင့်တပ် တပ်ရင်း ၇ရင်းနှင့် သထုံမြို့တွင် တပ်ရင်း ၆ရင်းဖြင့် အုပ်စုနှစ်စုခွဲပြီး တက်ရောက်ရသည်ဖြစ်ကြောင်း သိရသည်။
စစ်အစိုးရတပ် တပ်မ(၂၂)၏ လက်အောက်တွင် ခမရ(၂၀၁)မှ ခမရ(၂၁၀)အထိ တပ်ရင်း ဆယ်ရင်းရှိသည်။


















