မန်းကိုကို
ရွေးကောက်ပွဲ၊ ရွေးကောက်ပွဲနဲ့ နေရာတိုင်းမှာ ရွေးကောက်ပွဲဆိုပြီး ဖြစ်နေကြပါတယ်။
မစားရ ဝမခန်းပြောပြီး အားခဲထားကြသူတွေ၊ အတားအဆီး အကြပ်အတည်းတွေကြားထဲက ကြိုးစားရုန်းကန် လှုပ်ရှားနေသူ တွေ၊ လက်မြှောက်အရှူံးပေးစပြုလာသူတွေ၊ “ဘူးဆိုမှဘူး” လုံးဝလက်မခံဘူး ဆိုသူတွေနဲ့ သောသောညံနေကြပါတယ်။ အမျိုးမျိုး အဖုံဖုံ တင်ပြဆွေးနွေးနေကြတာ၊ အထူးသဖြင့် ရွေးကောက်ပွဲကို ဆန့်ကျင်ပြောဆိုနေကြတာတွေဟာ စိတ်ဝင်စား စရာ ကောင်းသလို အချို့သောသူတွေရဲ့ စပေ့စ်(Space)လို့ဆိုကြတဲ့ ရနိုင်သလောက် “လှုပ်ရှားမှုခွင်” အကြောင်းတွေကိုတော့ လှည့်တောင်မကြည့်ကြတာလည်း တွေ့နေရပါတယ်။ မပြောရင် သတိလျော့နေကြမှာစိုးလို့ နည်းနည်းလေးပြောပါရစေ။
မြန်မာပြည်မှာ လူတွေ အဖိနှိပ်ခံနေကြရတာ လူတိုင်းအသိပါ။ ကျနော်တို့ တိုင်းရင်းသားတွေအတွက်ကတော့ ဖိနှိပ်မှုတွေ အောက်မှာ အနှစ် ၂၀ကျော် ဖြတ်သန်းခဲ့ကြရပြီးပြီလို့ ပြောချင်ရင် ပြောလို့ရပါတယ်။ အနှစ် ၆၀ကျော်လာခဲ့ပြီလို့ ပြောပြန်ရင် လည်း မမှားပါဘူး။ တခါ အနှစ် ရာ၊ ထောင်ချီခဲ့ပြီးပါပြီလို့ ဆိုရင်လည်း မှန်နေပြန်တာ တွေ့ရပါမယ်။ ဒီတော့ ဒီလောက်ရှည် လျားတဲ့ အချိန်တွေကို ခက်ခက်ခဲခဲ ခါးဆီးသည်းခံ ကျော်လွန်ဖြတ်သန်းခဲ့ပြီးတာတောင် အကျိုးအမြတ်ရှိနိုင်မယ့် ထွက်ပေါက် တွေအတွက် ဘာမှမလုပ်ကြဖူးလားလို့ မေးစရာရှိလာပါတယ်။
ရှိလွန်းသမှ အပုံကြီးလို့ ပြောချင်ပြောကြမယ်။ လုပ်ခဲ့ကြသူတွေ၊ လုပ်နေကြသူတွေနဲ့ နောင်လည်း တစ်ခုခုလုပ်ပြီး သမိုင်းပေး တာဝန်ကို ထမ်းဆောင်သွားမယ့်သူတွေ ရှိနေအုံးမှာပါ။ ဒါပေမယ့် ထိရောက်မှုအပိုင်းကို သုံးသပ်ကြည့်ရင်ကျနော်တို့အပါအဝင် သာမန်ပြည်သူတွေရဲ့ အထောက်အပံ့ အကူအညီနဲ့ တတ်စွမ်းသမျှ ပူးပေါင်းပံ့ပိုးဆောင်ရွက်မှုတွေ လိုလာပြီလားဆိုတာက တော့ တွေးသင့်လောက်တဲ့ကိစ္စ ဖြစ်လာပါတယ်။
ကြည့်ပြန်ရင် လက်ရှိအနေအထားမှာတော့ လေပေါ်တိုက်အိမ်ဆောက်နေကြသူတွေက ခပ်များများပါ။ “နအဖ စစ်တပ်တွေ အချင်းချင်း ကွဲပြဲကြလိမ့်မယ်၊ အမေရိကန်ဝင်တိုက်မယ်၊ ကပ်ကြီးကျလိမ့်မယ်၊ စစ်ခေါင်းဆောင်တွေ ကာလနာတိုက် သေကြ လိမ့်မယ်။” စသည်ဖြင့်ပေါ့လေ။ ဒါပေမယ့် ၂၀၁ဝမှာ ရွေးကောက်ပွဲဖြစ်မဖြစ်ဟာ မသေချာသလို ၂၀၁၂မှာ ကမ္ဘာပျက်မယ်ဆို တာလည်း ဘယ်သူမှ အာမ မခံပါ။ သေချာတာကတော့ ဘာမှမလုပ်ရင် ဘာမှမရတာ၊ ဖြစ်မလာတာပါပဲ။ ဘယ်သူမှ ဒါကလေး တောင် မမြင်နိုင်အောင် စိတ်ကူးကမ္ဘာထဲ လွှင့်မျောနေကြလိမ့်မယ်လို့တော့ မထင်ပါဘူး။
ဒီတော့ လက်တွေ့အကျိုးရှိမယ့် ကိစ္စအချို့ကို စဉ်းစားကြည့်ကြရအောင်။ အကယ်၍ မနက်ဖြန်မှာ ကမ္ဘာက တရားမျှတပါတယ် လို့ အသိအမှတ်ပြုနိုင်မယ့် ရွေးကောက်ပွဲများဖြစ်လာခဲ့ရင် မြန်မာပြည်သားတွေ၊ အထူးသဖြင့် ကျနော်တို့ တိုင်းရင်းသားတွေ အနေနဲ့ ရလာတဲ့(ရလာမယ့်) အခွင့်အရေးတွေအတွက် အဆင်သင့်ရှိနေကြပြီလား။ မတရားဘူူး၊ မယုံဘူးချည်းပြောပြီး ကိုယ် လိုချင်တာကို အလိုလိုရလာတာမျိုးတော့ (အတွေ့အကြုံနည်းလို့လားတော့ မသိပါ) တစ်ခါမှ မတွေ့ဖူးပါ။ ဒီတော့ အခွင့်အ ရေး မရတာ၊ မရှိတာဟာ နအဖအမှား၊ အပြစ်နဲ့ လိုအပ်ချက်လို့ ပြောလို့ရနိုင်ပေမယ့်၊ အခွင့်အရေးရှိရက်နဲ့ မလုပ်တတ်၊ မလုပ် နိုင်၊ မလုပ်ချင်ရင်တော့ ကိုယ်တွေရဲ့ အပြစ်ပဲလို့ပြောရင် မှားပါ့မလား။
ပဒေသရာဇ်စနစ်ကို ကာလရှည်ကြာဖြတ်သန်းခဲ့ပြီး ဗြိတိသျှတို့လက်အောက်ရောက်ရှိခဲ့ရာက ဗြုန်းဆိုလွတ်လပ်ရေးနဲ့အတူ ပြည်ထောင်စုမြန်မာနိုင်ငံကြီးထဲ ပါဝင်လာခဲ့ရရာမှာ ကျနော်တို့တိုင်းရင်းသားတွေရဲ့ တွေ့ကြုံခဲ့တဲ့ နိုင်ငံရေးဖြစ်စဉ်တွေနဲ့ အသိ အမြင်တွေ တိုးတက်လာခဲ့ရတဲ့ကာလဟာ တိုတောင်းလှတယ်လို့ ဆိုနိုင်ပါတယ်။ လက်ရှိအနေအထားမှာ ပါတီတွေ ထောင်ခွင့် ရှိပြီး နိုင်ငံရေးလှုပ်ရှားဖို့ အခွင့်အရေးရှိနေချိန်မှာ တတ်စွမ်းသလောက် နိုင်ငံရေးအမြင်နဲ့ ဗဟုသုတတွေ ဖြန့်ဝေဖလှယ် ဆွေး နွေးမှုတွေလုပ်ကြရင် မကောင်းဖူးလား။ တစ်ဦးကိုတစ်ဦး အပြစ်တင်ဆဲဆိုနေကြမယ့်အစား အများအမြင်တွေကျယ်လာအောင် ဘယ်လိုပူးပေါင်းလုပ်ဆောင်ရမယ်ဆိုတာ ရှာကြံအသုံးချနိုင်ကြရင် မကောင်းဖူးလား။
နအဖကောင်းတယ်၊ ယုံတယ်လို့ပြောနေတာမဟုတ်ပါဘူး။ ရလာတဲ့အခွင့်အရေးကို အသုံးမချမိဘဲ အခေါက်ခေါက်အခါခါ ဆုံး ရှူံးခဲ့ရတာမျိုးတွေကို ရှောင်နိုင်ဖို့၊ အသိအမြင်အင်အားတွေဖြည့်ဖို့ရာ မမေ့မလျော့မိလေအောင် နှိုးဆော်တာပါ။
အထက်မှာ ပြောခဲ့တာကို ဆက်ပြောရရင် ပါတီဆိုတာ လိုရာခရီးအတွက် ယာဉ်တစ်စီးပါ။ ပါတီထောင်၊ နိုင်ငံရေးလုပ်တယ် ဆိုတာ အနာဂတ် သားသမီးမြေးမြစ်တွေအတွက် အရင်းအနှီး စိုက်ထုတ်တာနဲ့ အတူတူပါပဲ။ ပါတီတွေဖွဲ့၊ နိုင်ငံရေးတွေ လုပ် သင့်တယ်ဆိုပေမယ့် လက်ရှိကျင်းပမယ့်ရွေးကောက်ပွဲမှာတော့ ဝင်ပြိုင်စရာမလိုပါဘူး။ ဒါတင်မက ရွေးကောက်ပွဲမှာ ပြည်သူ တွေ မဲထည့်ရင် အကျိုးယုတ်ဖို့က ပိုများတာကို နိုင်ငံရေးသမားတွေက အသိပေးပြောပြဖို့လိုတဲ့အပြင် နအဖရဲ့ မတရား လုပ်ဆောင်မှုသတင်းတွေကို ကိုယ့်အချင်းချင်းသာမက ကမ္ဘာကပါသိနိုင်အောင် စုဆောင်းပေးပို့ တင်ပြဖြန့်ဝေပေးရာမှာ ဝိုင်း ဝန်းပူးပေါင်းလုပ်ကြဖို့ စည်းရုံးလှုံ့ဆော်သင့်ပါတယ်။ ဒီလိုပြောလို့ ရှုပ်သွားကောင်းရှုပ်သွားပါမယ်။ လိုရင်းကတော့ ပါတီထောင်၊ နိုင်ငံရေးလုပ်၊ ရွေးကောက်ပွဲမဝင်နဲ့ လို့ဆိုကြပါစို့။
အခုလာမယ့် ရွေးကောက်ပွဲ တရားမျှတမှုရှိမရှိ ကြည့်ရင် – ကိုယ့်စိတ်ကြိုက်လူနဲ့ကိုယ်ဆွဲထားပြီး တိုင်းရင်းသားအချို့ရဲ့ အဆို ပြုချက်တွေကိုတောင် လုံးဝ လျစ်လျူရှုတဲ့ အခြေခံဥပဒေ၊ ကိုယ့်လူနဲ့ ကိုယ်စီမံဖွဲ့ထားတဲ့ ရွေးကောက်ပွဲကော်မရှင်နဲ့ ဥပဒေ တွေ၊ ရှုတ်ထွေးတဲ့ ရွေးကောက်ပွဲစနစ်၊ လက်တွေ့မကျဘဲ ချမှတ်ထားတဲ့ တဖက်စောင်းနင်း စည်းကမ်းတွေအပြင် ဦးစီးလုပ် ဆောင်နေတဲ့ အာဏာချုပ်ကိုင်ထားသူတွေရဲ့ အစဉ်အလာနောက်ကြောင်းတွေကို တစ်ခုစီ ဆန်းစစ်ထည့်တွက်ရပါမယ်။ တစ်ခု မှ ယုံကြည်စရာမရှိဖူး ဆိုပေမယ့် ကိုယ့်တိုင်းရင်းသားပြည်သူအားလုံးနဲ့ တကမ္ဘာလုံးက ဒီရွေးကောက်ပွဲဟာ လူအများစု လက် ခံနိုင်လောက်တဲ့ (ဒီမိုကရေစီ) ဝိသေသ လက္ခဏာတွေနဲ့ မပြည့်စုံဖူးဆိုတာကို လက်ခံလာအောင်လုပ်ဆောင်ဖို့က အရေးကြီးပါ သေးတယ်။ ဝိုင်းဝန်းဆွေးနွေးအဖြေရှာ သွားကြသင့်ပါတယ်။ ပုဂိ္ဂုလ်တစ်ဦးတစ်ယောက်ချင်းမက၊ အစုအဖွဲ့လိုက် သုံးသပ် ဖလှယ်မှုတွေကိုလည်း တင်ပြဖြန့်ဝေခြင်းအားဖြင့် လိုအပ်တဲ့ကွက်လပ်တွေကို ဝိုင်းဝန်းဖြည့်ဆည်းကြဖို့ အချိန်ရောက်နေပါပြီ။
မိမိတို့ အားနည်းနေကြတဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်တွေကို ခေတ်နဲ့အညီ တိုင်းရင်းသားညီအကိုတွေ ရင်ဘောင်တန်းနိုင်ကြဖို့ ဘယ်လောက်အထိဆက်ပြီးစောင့်နေကြမှာလဲ။ မနေ့က ကိစ္စတွေဆိုတာ သခင်္န်းစာပဲပေးနိုင်သလို မနက်ဖြန်ဆိုတာလည်း မရေရာတာမို့ အခု လက်ငင်း ထမလုပ်ကြရင် နောက်မျိုးဆက်တစ်ဆက်စာ ထပ်စောင့်နေကြမလား။
“ကိုယ့်သမိုင်းကိုယ်ရေးတယ်”လို့ ဆိုကြပါတယ်။ မှားတာ၊ မှန်တာ၊ ကောင်းတာ၊ မကောင်းတာတွေကို လူတစ်ယောက်ရဲ့ သမိုင်းကိုကြည့်ပြီး ပြောနိုင်ပါတယ်။ ယုံကြည်ရာကိုလုပ်ပြီး ကိုယ့်သမိုင်းကိုယ် ရေးခဲ့ကြသူတွေကို မဝေဖန်လိုပါဘူး။ ဒါပေမယ့် စာဖတ်သူကိုတော့ မေးချင်တာကလေးတစ်ခု ရှိပါတယ်။
သင်ဟာ ဘာသမိုင်းမှမရေးခဲ့မိတဲ့ သမိုင်းပျောက်နေတဲ့သူတစ်ယောက်များ ဖြစ်နေမလား။
မန်းကိုကို
၀၈၊ ဝ၈၊ ၂၀၁၀
http://mahnkoko.blogspot.com/
□ ရွေးကောက်ပွဲနှင့် ဆက်စပ်ပတ်သက်သည်များကို လက်လှမ်းမီသမျှ ဆက်လက်ရေးသားသွားပါမည်။
□ ဤစာစုသည် စာရေးသူနှင့် မိတ်ဆွေအချို့တို့၏ ကိုယ်ပိုင်အတွေးများသာ ဖြစ်ပါသည်။ တွေးခေါ်ရေးသားချက်များ အမှားအ ယွင်းရှိပါက စာရေးသူ၏တာဝန်သာဖြစ်ပြီး ကေအိုင်စီတွင် တာဝန်မရှိပါ။