ဇူလိုင်လ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
ကျန်းမာရေးပေါ်လစီနှင့် ကျန်းမာရေးစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်စပ်အခြေစိုက် ကျန်းမာရေးအဖွဲ့ကြီး ၃ခုက သုံးရက်ကြာ ကျန်းမာရေးနှီးနှောဖလှယ်ပွဲတခုကို ဇူလိုင်လ ၁၅မှ ၁၇ရက်နေ့အထိ ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ပြု လုပ်ကျင်းပခဲ့သည်။
အမျိုးသား ကျန်းမာရေးနှင့် ပညာပေးရေးကော်မတီ(NHEC)၊ မြန်မာနိုင်ငံ ဆေးပညာရှင်များအဖွဲ့(BMA)နှင့် နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားများအဖွဲ့(BPHWT)တို့ ဦးစီးပြုလုပ်သည့် အဆိုပါနှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေး နှင့်ပတ်သက်၍ အကြောင်းအရာ သုံးခုကို အဓိက ဆွေးနွေးသွားခဲ့သည်ဟု (BPHWT) တာဝန်ခံ ဆရာမန်းမန်းက ကေ အိုင်စီကို ယခုလို ပြောသည်။
“ပထမတခုက ဒီထိုင်း-မြန်မာနယ်စပ်နဲ့ တိုင်းရင်းသားဒေသတွေမှာ သင်ကြားပို့ချမဲ့ ကျန်းမာရေးသင်တန်းတွေဟာ သင်ရိုးညွှန်းတမ်း ပုံစံတူပြီး စံချိန်စံနှုန်းရှိဖို့။ ဒုတိယတခုက တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်တွေကို ပိုကောင်းအောင် စုဆောင်းဖို့။ နောက်ဆုံးတခုက မြန်မာနိုင်ငံ အနာဂတ် ဖယ်ဒရယ်ပြည် ထောင်စုမှာ ကျန်းမာရေးပေါ်လစီနဲ့ပတ်သက်ပြီး ကျနော်တို့ ရေးဆွဲချမှတ်ထားတဲ့ အခြေခံမူတွေကို ပြန်ပြီးတော့ လေ့ လာသုံးသပ်တာရယ်။ အဲဒါတွေပါပဲ”ဟု သူက ရှင်းပြသည်။
BMA ၏ အလုပ်အမှုဆောင်တစ်ဦးဖြစ်သည့် ဒေါက်တာဒေါ်ခင်စောဝင်းက နှီးနှောဖလှယ်ပွဲတွင် ဆွေးနွေးသွားခဲ့သည့် အကြောင်းအရာများသည် တိုးတက်မှုအချို့ရှိသော်လည်း အားရကျေနပ်လောက်သည့် အတိုင်းအတာ မရှိသေး ကြောင်း ရှေ့ဆက် ပို၍ ကောင်းအောင် လုပ်ဆောင်ရန် လိုအပ်သေးကြောင်း ပြောသည်။
သူမက “အရင်တုန်းက တိုင်းရင်းသားဒေသတွေမှာ လိုက်ကောက်နေတဲ့ ကျန်းမာရေးဆိုင်ရာ သတင်းအချက်အလက် နဲ့ ပတ်သက်ပြီး ထင်ရှားတဲ့ ငှက်ဖျားရောဂါတို့၊ ဝမ်းရောဂါတို့ အဲဒါတွေလောက်ပဲ ကောက်ကြတယ်။ သွေးတိုးဖြစ်တဲ့ သူတို့ ဘာတို့ မပါဘူး။ အခု အဲဒါက အစ ကျမတို့ လုပ်ဖို့ ရှိတယ်”ဟု ဆက်လက်ပြောဆိုသည်။
အဆိုပါနှီးနှောဖလှယ်ပွဲ၌ ထိုင်း-မြန်မာနယ်စပ်အခြေစိုက် ကျန်းမာရေးနှင့် လူမှုရေး ဆောင်ရွက်နေသော NHEC, BMA, BPHWT အပါအဝင် MTC, KNPP, SHC, KTHW, KWO စသည့် တိုင်းရင်းသား ကျန်းမာရေးအဖွဲ့များနှင့် BRC, IRC စသည့် NGO အဖွဲ့မှ ကိုယ်စားလှယ်ပေါင်း ၅၀ကျော် တက်ရောက်ဆွေးနွေးခဲ့ကြသည်။
ကျန်းမာရေး ပေါ်လစီနှင့် စနစ် ဖွံ့ဖြိုးတိုးတက်ရေး နှီးနှောဖလှယ်ပွဲကို ပြီးခဲ့သည့် ၂၀၀၁ကတည်းက ပြုလုပ်ကျင်းပခဲ့ ရာ ယခုဆိုလျှင် စတုတ္ထအကြိမ်မြောက် ဖြစ်သည်ဟု BPHWT တာဝန်ခံ စောမန်းမန်းက ပြောသည်။


















