မေလ ၂၆ရက်။ နော်ဖြူဖြူသင်း (ကေအိုင်စီ)
တတိယနိုင်ငံသို့ ထွက်ခွာရန် ဒုက္ခသည်များကို တင်ဆောင်လာသည့် International Organization for Migration (IOM) ကားတစ်စီးသည် ယနေ့ မွန်းလွဲပိုင်းတွင် မယ့်လာအူးစခန်းမှ မဲဆောက်သို့အလာ လမ်းတွင် အခြားကားတစ်စီးနှင့် မတော်တ ဆ တိုက်မိပြီး စုစုပေါင်း ၁၃ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။
ဒုက္ခသည် ၃၀ကျော်ကို တင်ဆောင်လာသည့် အဆိုပါကားသည် မဲဆောက်မြို့နှင့် ကီလိုမီတာ ၂၀ဝကွာဝေးသည့် မဲ့သဝေါနေ ရာသို့အရောက် မွန်းလွဲတစ်နာရီခွဲအချိန်တွင် မျက်နှာချင်းဆိုင်မှာ လာသည့် VIGOD4D အမျိုးအစား မီးခိုးရောင်ကားဖြင့် တိုက်မိသွားခြင်းဖြစ်သည်ဟု ကားပေါ်ပါလာသူ မယ်လအူးဒုက္ခသည် စောထွန်းလတ်က ပြောသည်။
“တဖက်ထိုင်းကားက ကားမောင်းသမားဟာ ဖုန်းပြောရင်း ယာဉ်မောင်းတော့ IOM ကားမောင်းနေတဲ့ လမ်းကြောကို ဝင်လာ ပြီး မတော်တဆ တိုက်မိသွားတာပဲ။ အဲလိုတိုက်မိတော့ ဒုက္ခသည် ၁၁ယောက်၊ တဖက်ကားက ကားမောင်းသူနဲ့ အခြားတစ် ယောက် အားလုံး ၁၃ ယောက် ထိခိုက်သွားတယ်။”ဟု ကေအိုင်စီကို ပြောသည်။
ယခုအချိန်တွင် ထိခိုက်ဒဏ်ရာရသူများကို မဲ့သဝေါဆေးပေးခန်းမှတဆင့် မဲ့တန်မြို့ ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှု ခံယူ ထားသည်ဟု သိရသည်။
အဆိုပါ IOM ကားတွင် လိုက်ပါလာသူ ဒုက္ခသည်များသည် ထိုင်း-မြန်မာနယ်စပ်ရှိ မယ့်လာအူးဒုက္ခသည်စခန်းမှဖြစ်ကြပြီး အမေရိကန်သို့ ထွက်ခွာမည့်သူများ ဖြစ်သည်။


















