စက်တင်ဘာလ ၁၉ရက်။ စောခါးစူးညား (ကေအိုင်စီ)
1.jpg)
စစ်အစိုးရသည် ယမန်နေ့က အကျဉ်းသား ၇၁၁၄ဦးကို ပြန်လွှတ်ပေးလိုက်ရာတွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်ခဲ့သော် လည်း ၎င်းမှာ စေတနာအမှန်ဖြင့် လွှတ်ပေးခြင်းမဟုတ်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေ အေပီပီ)က ထုတ်ဖော်ပြောဆိုုလိုက်သည်။
“စစ်အစိုးရ လွှတ်ပေးတဲ့ထဲမှာ နိုင်ငံရေးအကျဉ်းသား ၂၀၀ကျော်တယ်လို့ ပြောတယ်။ သေချာစစ်ကြည့် လိုက်တော့ နိုင်ငံရေး အကျဉ်းသား ၇၁ယောက်ပဲ။ အဲဒီထဲမှာ တဝက်လောက်က လွှတ်ရက်နီးတဲ့သူတွေပါတာကို တွေ့ရတယ်။ နောက် တကယ်အ ရေးကြီးတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦးနဲ့ ၈၈ကျောင်းသားခေါင်းဆောင်လိုလူတွေ မပါဘူး။ ဒီလိုလွှတ်ပေးလိုက်တာဟာ တိုးတက်မှုတခုလို့ ပြောလို့ရပေမယ့် စစ်မှန်တဲ့စေတနာနဲ့ လွှတ်တယ်ဆိုတာတော့ ပြောရခက်ပါတယ်”ဟု အေအေပီပီ အတွင်း ရေးမှူး ကိုတိတ်နိုင်က ကေအိုင်စီကို ပြောသည်။
သူက “နိုင်ငံတကာက စီးပွားရေးဒဏ်ခတ်အရေးယူမှုတွေ၊ ဖိအားပေးမှုတွေနည်းလာအောင် နအဖက လုပ်နေကျပုံစံအတိုင်း လုပ်လိုက်တာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ လွှတ်လိုက်တာက ၇၀ကျော်။ ဒီလထဲမှာ ဖမ်းတာကိုက အယောက် ၃၀ကျော် တယ်”ဟု ဆက်ပြောသည်။
ယခုလို အကျဉ်းသားများအား ပြန်လွှတ်ပေးခြင်းသည် နိုင်ငံသားအကျဉ်းသား၊ အကျဉ်းသူများအား လူသားချင်း စာနာထောက် ထားမှု၊ သနားချစ်ခင်မှုတို့ကို အလေးထားသည့်အနေဖြင့်လည်းကောင်း၊ ဒေသအကျိုးနှင့် နိုင်ငံတော်အကျိုးကို ထမ်းရွက်သွား နိုင်ရန်အတွက်လည်းကောင်း ကျခံရန် ကျန်ရှိနေသေးသော ပြစ်ဒဏ်များကို လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း ယမန်နေ့ က စစ်အစိုးရထုတ် မြန်မာ့အလင်းသတင်းစာတွင် ဖော်ပြထားသည်။
အဆိုပါအကျဉ်းသားများအား လွှတ်ပေးမည်ဟု စစ်အစိုးရ ထုတ်ပြန်ပြီး နောက်တနေ့တွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က နိုင်ငံရေးအကျဉ်းသားအချို့ ပါဝင်ခဲ့သည့်အပေါ် ကြိုဆိုခဲ့သော်လည်း ယခင်တိုက်တွန်းထားသည့်အတိုင်း ယခုနှစ် ဇူလိုင်လ နောက်ပိုင်း နိုင်ငံရေးအကျဉ်းသားအားလုံး ပြန်လွှတ်ပေးရန် နယူးယော့ခ် ကုလရုံးချုပ်၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် အတွင်းရေးမှူးချုပ်၏ ပြောခွင့်ရသူက သတိပေးပြောကြားခဲ့သည်။
ထိုင်းနိုင်ငံအခြေစိုက် မြန်မာ့အရေးလေ့လာသုံးသပ်သူ ကိုအောင်သူငြိမ်းက နအဖအနေဖြင့် မကြာခင် စတင်တော့မည့် ကုလ သမဂ္ဂ၏ အထွေထွေညီလာခံတွင် မျက်နှာပန်းလှရန်အတွက် အကျဉ်းသားများကို လွှတ်ပေးလိုက်ခြင်းသာဖြစ်ကြောင်း ယခုလို ပြောသည်။
သူက “သူတို့(နအဖ)ကတော့ အများအာရုံစူးစိုက်မှုကိုရဖို့ တနည်းနည်းနဲ့ လုပ်ပြမှာပဲ။ ဒါပေမယ့် ဒီအဆင့်နဲ့လောက်တော့ မြန် မာမိသားစုကော၊ နိုင်ငံတကာ မိသားစုပါ အားရကျေနပ်မှုရှိသေးမှာ မဟုတ်ဘူး။ နောက် စစ်အစိုးရအပေါ်မှာလည်း သဘော ထားပြောင်းလဲမှာ မဟုတ်ဘူး။ တကယ်ဖြစ်သင့်တာက နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့လိုတယ်လို့ ကျနော် မြင် ပါတယ်”ဟု သုံးသပ်ပြောဆိုသည်။
ယခုလွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသားများထဲတွင် ၁၉၈၈ခုနှစ်မှ ပုဒ်မ ၁၇/၁ နှင့် အရေးပေါ်စီမံချက် ဥပဒေ ပုဒ်မ ၅(ည)၊ ၁၇၊ ၁၃၊ ၂ဝ တို့ဖြင့်နှစ် (၂၀)ကျော် အကျဉ်းချခံနေရသည့် လွှတ်ရက်နီးသူများ၊ ရန်ကုန်မြို့ ပုဇွန်တောင်မြို့နယ် အဲန် အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်းနိုင်း၊ သကင်္န်းကျွန်းမြို့နယ် အဲန်အယ်လ်ဒီအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြ၊ မုံရွာအဲန်အယ်လ်ဒီ မှ ဦးအောင်ရှင်၊ Weekly Eleven အယ်ဒီတာဟောင်း ကိုကျော်ကျော်သန့်၊ အီကိုဗီးရှင်းဂျာနယ်မှ သတင်းထောက် မအိမ့်ခိုင်ဦး နှင့် သံဃာတော်တပါးဖြစ်သည့် အရှင်စန္ဒောဘာသတို့ ပါဝင်သည်။
ပြီးခဲ့သည့် ဇူလိုင်လက ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီတွင် အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက မြန်မာကိုယ်စားလှယ် ဦးကျော်တင့်ဆွေအား တိုက်တွန်းပြောဆိုခဲ့သလို ကုလဆိုင်ရာ မြန်မာသံအမတ် ဦးသန်းဆွေကလည်း အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်ပေးမည်ဖြစ်ကြောင်း ထိုလ ဒုတိယပတ်တွင် နယူးယောက်မြို့၌ သံတမန်များကို ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် အကျဉ်းသားဦးရေပေါင်း (၁)သိန်းကျော်ရှိပြီး စစ်အစိုးရက အကျဉ်းသားများကို လွတ်ငြိမ်းချမ်းသာခွင့်အနေ ဖြင့် ပြန်လွှတ်ပေးသည်မှာ ၁ဝကြိမ်မြောက်ဖြစ်သည်ဟု ရန်ကုန်တိုင်းအကျဉ်းဦးစီး ဌာနညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက ပြည် တွင်းပြည်ပမီဒီယာများကို ထုတ်ဖော်ပြောကြားခဲ့သော်လည်း မြန်မာနိုင်ငံရှိ အကျဉ်းထောင်များထဲတွင် လက်ရှိ နိုင်ငံရေးအ ကျဉ်းသားပေါင်း (၂,၂၀၀)ကျော် ကျန်ရှိသေးကြောင်း အေအေပီပီ၏ စာရင်းအရ သိရသည်။
စစ်အစိုးရသည် ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် အကျဉ်းသား ၉၀၀၂ဦး၊ ယခုနှစ် ဖေဖော်ဝါရီလတွင် အကျဉ်းသား ၆၃၁၃ဦး ကို ပြန်လည်လွှတ်ပေးခဲ့ရာတွင် နိုင်ငံရေးအကျဉ်းသား ၃၀ဝန်းကျင် ပါဝင်ခဲ့သည်။
















