စက်တင်ဘာလ ၁၈ရက်။ စောခါးစူးညား (ကေအိုင်စီ)
ဆယ်ကျော်သက် ကရင်ကျောင်းသားလူငယ်များအတွက် ကရင်တူရိယာအတီးအမှုတ်၊ ဒုံးအကနှင့် ပတ်သက်သည့် ရက်ရှည်သင်တန်း တခုကို လာမည့် နိုဝင်ဘာလဆန်းပိုင်းတွင် အုန်းဖျန်ဒုက္ခသည်စခန်းရှိ အထက်တန်းကျောင်းများ၌ သင်ကြားပေးသွားမည်ဟု သိရသည်။
ကျောင်းသားလူငယ်များ ရိုးရာဓလေ့၊ ယဉ်ကျေးမှုကို မမေ့မပျောက်စေရန် ရည်စူး၍ အဆိုပါသင်တန်းကို အထက်တန်းကျောင်းနှစ် ကျောင်းတွင် တရက်လျှင် ၂နာရီကြာ သင်ကြားပို့ချသွားရန်ဖြစ်ပြီး ထိုင်း-မြန်မာနယ်စပ်ရှိ ကရင်ဒုက္ခသည်စခန်းများတွင် စာကြည့်တိုက် ဖွင့်လှစ်ထားသည့် ဂျပန်အဲန်ဂျီအိုအဖွဲ့ (Shanti Volunteer Association-SVA) နှင့် စခန်းကော်မတီဝင်များက စက်တင်ဘာလ (၉)ရက်နေ့၌ အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
၎င်းအတီးအမှုတ်သင်တန်းတွင် ပါဝင်သည့် ခန၊ မယ်ဒလင်၊ သောတူနှင့် စောင်း စသည့်တူရိယာများကို အသက် (၁၃)နှစ်နှင့်အထက် ကျောင်းသူကျောင်းသား (၃၀)ကျော်အား ဆရာလေးဦးဖြင့် သင်ကြားပို့ချမည်ဖြစ်ပြီး တချိန်တည်းတွင် ဒုံးအကသင်တန်းကို နည်းပြနှစ်ဦး နှင့် ကျောင်းသူကျောင်းသား (၂၆)ဦးကို သင်ကြားပေးသွားမည်ဟု သိရသည်။
အုန်းဖျန်စခန်း အမှတ်(၂)စာကြည့်တိုက်မှူး နော်မာရီယာပေါလ်က “အခု သင်တန်းဟာ ကျမတို့ ကရင် မျိုးဆက်သစ်တွေအတွက် မဖြစ်မ နေ လိုအပ်ပါတယ်။ အင်မတန်မှလည်း အရေးကြီးပါတယ်။ အရင်ကဆိုရင် အတီးအမှုတ်နဲ့ အကတွေကို သင်ပေးတာရှိပေမယ့် တစိုက် မတ်မတ် သင်တန်းပုံစံမျိုးတော့ မတွေ့ရဘူး။ အခုတော့ သင်တန်းလို ပုံစံမျိုးဖြစ်တော့ ပိုမိုထိရောက်မယ်လို့ ကျမ ယုံကြည်တယ်”ဟု ကေ အိုင်စီကို ပြောသည်။
အတီးအမှုတ်နှင့် ပတ်သက်၍ စိတ်ဝင်စားသူကလေးများကို ယခင်က စခန်းတွင်းရှိ အမှတ်(၁)နှင့် အမှတ် (၂) စာကြည့်တိုက်တွင် တပတ် လျှင် တရက်မျှသာ အလှည့်ကျ သင်ကြားပေးခဲ့သော်လည်း ယခုဆိုလျှင် ရက်ရှည်ပုံစံမျိုးဖြင့် သင်တန်းကာလ (၃)လအထိ သတ်မှတ် သင်ကြားသွားမည်ဖြစ်ကြောင်း နော်မာရီယာပေါလ်က ဆက်ပြောသည်။
ပြီးခဲ့သည့် ၂၀၀၆မှ ၂၀၀၈ခုနှစ်အထိ အုန်းဖျန်စခန်းတွင် ကရင်တူရိယာ အတီးအမှုတ်နှင့် ဒုံးအကကို သင်ကြားပေးခဲ့သော်လည်း ယခု သင်တန်းသည် ပထမဆုံးအကြိမ်ဖြစ်ပြီး သင်တန်းအတွက် လိုအပ်သည့် ကုန်ကျစရိတ်ကို အက်စ်ဗွီအေမှ ကူညီထောက်ပံ့သွားကာ စခန်း ကော်မတီဝင်များက အကောင်အထည်ဖော်သွားမည်ဖြစ်သည်။