Home သတင်း လက်နက်ကြီးငယ် ပစ်ခတ်မှု‌ကြောင့် ရွာသားများ ထိတ်လန့်

လက်နက်ကြီးငယ် ပစ်ခတ်မှု‌ကြောင့် ရွာသားများ ထိတ်လန့်

2246
စက်တင်ဘာလ ၁၇။ နန်းထူးစံ(‌ကေအိုင်စီ)

ကရင်ပြည်နယ်ရှိ ‌ကေအဲန်ယူ ထိန်းချုပ်ရာ တပ်မဟာ(၆)၊ ဝင်း‌ရေးမြို့နယ် မဲ့ကသာဂွင်တွင် ဝင်‌ရောက် လှုပ်ရှားသည့် နအဖ တပ်နှင့် ဒီ‌ကေဘီ‌အေ တပ်ဖွဲ့တို့က ‌ကျေးရွာအတွင်း လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်မှု‌ကြောင့် ရွာသူရွာသားများ အထိတ်တလန့်ဖြစ်‌နေကြသည်ဟု သိရသည်။

နအဖ ‌ခြေမြန်တပ်ရင်း-ခမရ (၃၅၆)မှ တပ်ခွဲ(၄)နှင့် ဒီ‌ကေဘီ‌အေ (၉၀၅)တပ်ရင်းမှ ဗိုလ်ကြီး‌အေဝမ်း ဦးစီးသည့် တပ်ခွဲ(၅)အဖွဲ့တို့က ၎င်းတို့ ဝင် ‌ရောက်လှုပ်ရှားရာ မဲ့ကသာဂွင် သဘာဝ‌ကျေးရွာအတွင်း ယမန်‌နေ့က M-79 လက်နက်ကြီး ၃လုံးနှင့် လက်နက်ငယ် အချက်(၃၀)ခန့် ပစ်ခတ်ခဲ့ ခြင်း‌ကြောင့် ရွာသူရွာသားများ ‌ကြောက်ရွံ့ထိတ်လန့်‌နေကြခြင်းဖြစ်သည်။

ထိုတပ်ဖွဲ့များက သဘာဝ‌ကျေးရွာကို လက်နက်ကြီးငယ်များဖြင့် ပစ်ခတ်ပြီး‌နောက် တဆက်တည်းတွင် မဲ့ကသာသို့ ပြန်လာရာ ခလယ့်တလွဲ့ထာ့ ရွာအ‌ရောက်၌ ‌တွေ့ရှိသည့် ရွာသားများကို ခြိမ်း‌ခြောက်သည့်အ‌နေဖြင့် လက်နက်ငယ်နှင့် အချက်(၁၀)ခန့် ပစ်ခတ်ခဲ့‌ကြောင်း မဲ့ကသာနယ်ခံ တဦးက ‌ကေအိုင်စီကို ယခုလို ‌ပြောသည်။

“မ‌နေ့က ‌နေ့လည်ပိုင်းအချိန်မှာ နအဖ တပ်နဲ့ ဒီ‌ကေဘီ‌အေ ဗိုလ်‌အေဝမ်းအဖွဲ့က မဲ့ကသာ‌အောက်ပိုင်း သဘာဝရွာမှာ ‌ရောက်တယ်။ သဘာဝရွာ ရဲ့တည်‌ဆောက်ပုံက မဲ့ကသာ‌ချောင်းအ‌ရှေ့ခြမ်း၊ အ‌နောက်ခြမ်း နှစ်ပိုင်းရှိတယ်။ သူတို့က သဘာဝရွာ အ‌ရှေ့ခြမ်းမှာ ‌ရောက်တာ။ မဲ့ကသာရွာကို ပြန်လာဖို့ ‌ချောင်းကူးတဲ့အချိန်မှာ ‌ကေအဲန်အယ်လ်‌အေတပ်ရင်း (၁၆)အဖွဲ့ရှိတဲ့ အ‌နောက်ခြမ်းဘက်ကို လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ပစ်တာ ရွာထဲဝင်‌တော့ ရွာသား‌တွေက ‌ပြေးပုန်းကြတာ‌ပေါ့”ဟု ၎င်းမဲ့ကသာနယ်ခံက ‌ပြောသည်။

ယင်းပစ်ခတ်မှုတွင် မည်သူတစုံတ‌ယောက်မှ ထိခိုက်ဒဏ်ရာ မရရှိ‌သော်လည်း ရွာသူရွာသားများက အလုပ်အကိုင်နှင့် သွားလာ‌ရေးအတွက် အ‌တော်‌လေးကို ‌ကြောက်လန့်‌နေကြသည်ဟု ၎င်းနယ်ခံက ဆက်လက် ‌ပြောဆိုသည်။

“အရင်က မဲ့ကသာဂွင်မှာ ‌ကေအဲန်အယ်လ်‌အေ တဖွဲ့တည်းရှိတာ။ အခု ဒီ‌ကေဘီ‌အေနဲ့ နအဖတပ်‌တွေ ‌နေရာဝင်ယူ‌တော့ ရွာသူရွာသား‌တွေအ တွက် အ‌တော်အခက်‌တွေ့ရတယ်။ ခြံ၊ လယ်‌တွေမှာ အလုပ်သွားလုပ်ဖို့၊ ဟင်းသီးဟင်းရွက် လိုက်ရှာစားဖို့အတွက် သွားလာလို့ မရဲကြဘူး။ ဒါ့အ ပြင် ရွာသား‌တွေက နအဖနဲ့ ဒီ‌ကေဘီ‌အေတပ်‌တွေ သူတို့ကို ‌ပေါ်တာအဖြစ် ‌ခေါ်ယူတာတို့၊ လုပ်အားခိုင်း‌စေတာတို့ လုပ်လာမှာကို စိုးရိမ်ကြတယ်” ဟု သူက ဆိုသည်။

ထို‌ဒေသအတွင်းရှိ ‌ကေအဲန်အယ်လ်‌အေ တပ်ရင်း(၁၆)မှ တပ်ခွဲ(၂) ဒုခွဲမှူး ဗိုလ်‌စောဘူ့‌ဂေက “ကျ‌နော်တို့ ခရိုင်မှာ အထက်လူကြီး‌တွေ ‌ပြောထား တဲ့အတိုင်း ကျ‌နော်တို့ ကရင်အချင်းချင်း ပစ်ခတ်မှု‌တွေ မဖြစ်ချင်ဘူး။ မ‌နေ့က သူတို့(ဒီ‌ကေဘီ‌အေ) သဘာဝမှာ ‌ရောက်တာကြား‌တော့ ကျ‌နော်တို့ ရွာနဲ့ ခပ်‌ဝေး‌ဝေးတ‌နေရာမှာ ‌ရှောင်‌ပေးလိုက်‌ပေမယ့် အဲဒီ‌နောက်မှာ သူတို့က ရွာထဲကို လှမ်းပစ်တာ။ ရွာသား‌တွေက ‌ကြောက်ကြတာ‌ပေါ့”ဟု ‌ကေအိုင်စီကို ‌ပြောသွားသည်။

လွန်ခဲ့သည့် စက်တင်ဘာ (၁၂)ရက်‌နေ့က နအဖ ‌ခြေလျင်တပ်ရင်း (၃၅၆)မှ စစ်‌ကြောင်းတ‌ကြောင်း မဲ့ကသာသို့ တက်လာရန် ‌ချောင်းဆုံနှင့် မိဖ လိုင်းရွာကြားအ‌ရောက်တွင် ‌ကေအဲန်အယ်လ်‌အေ တရင်း(၁၆)အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ကာ နအဖ ဘက်မှ (၅)ဦး‌သေးဆုံး၊ (၆)ဦး ဒဏ်ရာရရှိခဲ့ပြီး ‌ကေအဲန်အယ်လ်‌အေဘက်မှ ထိခိုက်မှုမရှိဟု ဗိုလ်‌စောဘူ့‌ဂေက ဆိုသည်။

‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ မဲ့ကသာဂွင်တွင် ဗိုလ်မှူး‌စော‌နော်တယာ ဦးစီးသည့် ဒီ‌ကေဘီ‌အေ (၉၀၇)တပ်ဖွဲ့နှင့် ဗိုလ်‌အေဝမ်း ဦးစီးသည့် (၉၀၅) တပ်ခွဲ(၅)အဖွဲ့တို့ ဩဂုတ်လ (၃၀)ရက်‌နေ့က စတင်ဝင်‌ရောက်ခဲ့ရာမှ ၎င်းတို့၏‌နောက်တွင် နအဖ ခလရ (၂၈၃) စစ်‌ကြောင်းများက လိုက်ပါ၍ ‌နေရာဝင်ယူခဲ့ပြီး လတ်တ‌လောအချိန်တွင် နအဖ ခလရ (၂၇၅)နှင့် ခမရ (၃၅၆)တပ်ဖွဲ့များက အဆိုပါ မဲ့ကသာ‌ဒေသတွင် ထပ်မံ‌ရောက်ရှိ လှုပ်ရှား လျက်ရှိသည်ဟု ‌ကေအိုင်စီက စုံစမ်းသိရှိရသည်။

ယင်းပူး‌ပေါင်းတပ်ဖွဲ့များ ဝင်‌ရောက်လှုပ်ရှားသည့်အချိန်မှစ၍ မဲ့ကသာရှိ မူလတန်း‌ကျောင်းတ‌ကျောင်းနှင့် ‌ဆေး‌ပေးခန်းတလုံး ပိတ်လိုက်ရပြီး ယခု အချိန်တွင် ဒီ‌ကေဘီ‌အေတပ်များက ပိတ်ထားသည့်‌ဆေးခန်းတွင် စခန်းချ‌နေထိုင်လျှက်ရှိသည်ဟု သိရသည်။