Home သတင်း သုံးပွင့်ဆိုင်‌ဆွေး‌နွေးမှုပုံစံအတိုင်း ဆက်သွားရန် စုံညီအစည်းအ‌ဝေးတွင် ဘုံသ‌ဘောထားချမှတ်

သုံးပွင့်ဆိုင်‌ဆွေး‌နွေးမှုပုံစံအတိုင်း ဆက်သွားရန် စုံညီအစည်းအ‌ဝေးတွင် ဘုံသ‌ဘောထားချမှတ်

1638

ဇူလိုင် ၃ဝ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကချင်ပြည်နယ်၊ မိုင်ဂျာယန်၌ ပြုလုပ်သည့် တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ စတုတ္ထ‌မြောက်‌နေ့(ဇူလိုင် ၂၉ရက်‌နေ့) မျက်နှာစုံညီအစည်းအ‌ဝေးတွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု မူ‌ဘောင်များထဲမှ ကိုယ်စားပြုမှုနှင့်စုဖွဲ့မှုကို သုံးပွင့်ဆိုင်ကိုယ်စားပြုမှုစနစ် အ‌ပေါ်တွင်သာ ဆက်လက်အ‌ခြေခံသွားရန် ဘုံသ‌ဘောထားများ ချမှတ်ခဲ့ကြသည်။

အစည်းအ‌ဝေးတက်‌ရောက်သည့် မွန်ပြည်သစ်ပါတီမှ ဒုဥက္ကဌ နိုင်ဟံသာက “မူ‌ဘောင်ထဲမှာက အုပ်စု ၇ စု ခွဲထားတယ်။ အခုအစည်းအ‌ဝေးမှာ အစိုးရရယ် လွှတ်‌တော်ရယ် တပ်မ‌တော်ရယ်က တစ်ပွင့်၊ တိုင်းရင်းသား လက်နက်ကိုင်‌တွေက တစ်ပွင့်၊ နိုင်ငံ‌ရေးပါတီ‌တွေက တစ်ပွင့်ဆိုပြီး အားလုံး ၃ ပွင့်တက်‌ရောက်ဖို့ အားလုံးက လက်ခံတဲ့ ဘုံသ‌ဘောထားချမှတ်နိုင်ခဲ့တယ်”ဟု ‌ပြောသည်။

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးသ‌ဘောတူစာချုပ်(NCA)၏ နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုမူ‌ဘောင်များအရ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများနှင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံကို အစိုးရ၊ လွှတ်‌တော်၊ တပ်မ‌တော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကိုယ်စားလှယ်၊ နိုင်ငံ‌ရေးပါတီ၊ တိုင်းရင်းသားကိုယ်စား လှယ်များနှင့် အခြား ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ်များ ပါဝင်ရမည်ဟု ‌ဖော်ပြထားသည်။

ထို့အပြင် စတုတ္ထ‌မြောက်‌နေ့ အစည်းအ‌ဝေးတွင် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှုဆိုင်ရာမူ‌ဘောင်သုံးသပ်ချက်၌ ပါရှိသည့် ကိုယ်စားပြုမှုနှင့်စုဖွဲ့မှု၊ ဆုံးဖြတ်ချက်ချမှတ်သည့် ပုံစံ၊ ‌ဆွေး‌နွေးမည့်အ‌ကြောင်းအရာများနှင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးမှု ပုံစံအဆင့်ဆင့်ကို အပြန်အလှန်‌ဆွေး‌နွေးခဲ့ကြသည်။

ယင်း‌ဆွေး‌နွေးမှုများအ‌ပေါ် ဘုုံသ‌ဘောထားများရယူနိုင်ခဲ့သလို ‌ဆွေး‌နွေးမှုများအရ ကျန်ရှိ‌သော အခြားအစုအဖွဲ့ များအ‌နေဖြင့် သက်ဆိုင်ရာကဏ္ဍများတွင်သာ ပါဝင်ညှိနှိုင်း‌ဆွေး‌နွေးသွားကြရန် သ‌ဘောထားများချမှတ်နိုင်ခဲ့‌ကြောင်းလည်း နိုင်ဟံသာက ဖြည့်စွက်‌ပြောသည်။

အစည်းအ‌ဝေး၌ မူ‌ဘောင်များထဲမှ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲများတွင် ‌ဆွေး‌နွေးမည့် အ‌ကြောင်းအရာများမှာ အဓိက အားဖြင့် နိုင်ငံ‌ရေး၊ လူမှု‌ရေး၊ စီးပွား‌ရေး၊ လုံခြုံ‌ရေးနှင့် ‌မြေယာနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ စသည့် ‌ခေါင်းစဉ်ကြီး ၅ ရပ်ကိုသာ ‌ဆွေး‌နွေးရန် ဘုံသ‌ဘောထားများချမှတ်ခဲ့‌ကြောင်းလည်း သိရသည်။

တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်းများ၏ စတုတ္ထ‌မြောက်‌နေ့ မျက်နှာစုံညီအစည်းအ‌ဝေးတွင် သဘာပတိအဖြစ် ကရင်အမျိုးသားအစည်းအရုံး KNU ဒုဥက္ကဌ ပဒို‌နော်စီဖိုးရာစိန်မှ ‌ဆောင်ရွက်ခဲ့ပြီး အစည်းအ‌ဝေးကို ဇူလိုင် ၃ဝ ရက်‌နေ့အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်သည်။