Home သတင်း ခရီးသွားစည်ကားလာသည့် သံတောင်ကြီး၊ နော်ဘူဘောဆုတောင်းတောင်တွင် စည်းကမ်းလိုက်နာကြရန် ဒေသခံများလိုလား

ခရီးသွားစည်ကားလာသည့် သံတောင်ကြီး၊ နော်ဘူဘောဆုတောင်းတောင်တွင် စည်းကမ်းလိုက်နာကြရန် ဒေသခံများလိုလား

9

ဇူလိုင် (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ၊ နော်ဘူဘောဆုတောင်းတောင်တွင် ယခုရက်ပိုင်းအတွင်း ပြည်တွင်းခရီးသွားဧည့်သည်များဖြင့် ပြန်လည်စည်ကားလာပြီး လာရောက်လည်ပတ်သူများအနေဖြင့် ဝတ်စားဆင်ယင်နေထိုင်မှုနှင့် အမှိုက်စွ့န်ပစ်ရာ၌ စည်းကမ်းလိုက်နာကြရန် ဒေသခံများက တိုက်တွန်းသည်။

တောင်ပေါ်တွင် သတိပေးဆိုင်းဘုတ်များ ချိတ်ဆွဲထားသော်လည်း လာရောက်လည်ပတ်သူအချို့မှာ အမှိုက်များကို စနစ်တကျစွန့်မပစ်ခြင်း၊ ခရစ်ယာန်ဘာသာဝင်များ အထွတ်အမြတ်ထားရာနယ်မြေအတွင်း အတိုအပြတ်များ ဝတ်ဆင်လာခြင်းတို့ ရှိနေသည်ဟု သိရသည်။

“တောင်ပေါ်ရဲ့ သဘာဝအလှတရား မညစ်နွမ်းစေဖို့ ကိုယ့်အမှိုက်တွေကို စနစ်တကျ စွန့်ပစ်ပေးကြဖို့ပြောချင်ပါတယ်။ တောင်ပေါ်တက်တဲ့အခါမှာလည်း အတိုအပြတ်တွေထက် ယဉ်ကျေးလုံခြုံတဲ့ အဝတ်အစားများကို ရွေးချယ်ဝတ်ဆင်ပေးစေလိုပါတယ်၊ အသံဆူညံတာတွေလည်း မလုပ်စေချင်ဘူး” ဟု သံတောင်ကြီးမြို့နေ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

နော်ဘူဘော ဆုတောင်းတောင်မှာ သံတောင်ကြီးမြို့နယ်၏အထင်ကရ နေရာတစ်ခုဖြစ်သလို ယခင် စစ်အုပ်စုအာဏာမသိမ်းခင်က ခရီးသွားလည်ပတ်ရာနေရာအဖြစ် လူအများလာရောက်လည်ပတ်မှု များပြားခဲ့သည်။

Photo: Myanmar Digital News

အာဏာသိမ်းမှုဖြစ်ပွားအပြီး လေးနှစ်ကျော်ကာလလုံး ခရီးသွားလာသူမရှိတော့သော်လည်း ယခုနှစ်တွင် ခရီးသွားလာသူ ရာနှင့်ချီ၍ပြန်လည်များပြားလာရာ စည်းကမ်းလိုက်နာကြရန် လာရောက်လည်ပတ်သူများအား ဒေသခံများက နှိုးဆော်လျက်ရှိသည်။

နောက်ထပ် ဒေသခံတစ်ဦးက “နော်ဘူဘောတောင်ခြေ ဆုတောင်းခန်းမရောက်ခင် ဖိနပ်ချွတ်ပေးဖို့နဲ့ အတိုအပြတ်တွေမဝတ်ကြဖို့ ပြောချင်ပါတယ်။ စုံတွဲတွေအနေနဲ့လည်း ဆုတောင်းခန်းထဲဝင်ရင် မဖွယ်မရာမလုပ်ကြဖို့ပါ” ဟု ကေအိုင်စီကို ပြောသည်။

ထို့အပြင် မိုးရာသီကာလတွင် တောင်ပေါ်လမ်းများ လမ်းချော်ခြင်းနှင့် မြူထူထပ်ခြင်းကြောင့် ယဉ်မတော်တဆမဖြစ်စေရန် အရှိန်မတင်ဘဲသတိထားမောင်းနှင်ကြဖို့ ခရီးသွားယာဉ်များအား ဒေသခံများက သတိပေးထားသည်။

သံတောင်ကြီးမြို့နယ်အတွင်း လက်ရှိအာဏာသိမ်းကာလတစ်လျှောက်လုံး စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်များက တင်းကြပ်စစ်ဆေးခဲ့ခြင်းရှိရာမှ ယခု၊ ၂၀၂၆ ခုနှစ်၌ စစ်ဆေးမှုအချို့ကို ပြန်လည်ဖြေလျှော့ပေးလာခြင်းလည်း ဖြစ်သည်