Home သတင်း အရည်အချင်းပြည့်ဝပြီး အမည်နှင့်ညီသည့်တပ်မတော်ဖြစ်ရေး KNLA တပ်ဖွဲ့တိုင်းတွင် တာဝန်ရှိကြောင်း KNU ဥက္ကဌ တိုက်တွန်း

အရည်အချင်းပြည့်ဝပြီး အမည်နှင့်ညီသည့်တပ်မတော်ဖြစ်ရေး KNLA တပ်ဖွဲ့တိုင်းတွင် တာဝန်ရှိကြောင်း KNU ဥက္ကဌ တိုက်တွန်း

13
Photo: AFP

ဇူလိုင် (၅) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

စစ်ရေး၊ နိုင်ငံရေးဆိုင်ရာ အရည်အချင်းပြည့်ဝပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အမည်ဖြင့် ကိုက်ညီသည့် တပ်မတော်တစ်ရပ်ဖြစ်ရေး KNLA ခေါင်းဆောင်အပါအဝင် တပ်ဖွဲ့ဝင်အားလုံး၏ တာဝန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး-KNU ဥက္ကဌက တိုက်တွန်းပြောဆိုသည်။

ယနေ့ (ဇူလိုင်လ ၅ ရက်) ကျရောက်သော KNLA တည်ထောင်ခြင်း (၇၇) နှစ်ပြည့်မြောက်သည့်နေ့သို့ ပေးပို့သည့်ဂုဏ်ပြုသဝဏ်လွှာတွင် တပ်ဖွဲ့စည်းရသည့်ရည်မှန်းချက်အတိုင်း ပြည့်စုံရန် KNLA တပ်ဖွဲ့ဝင်တိုင်းတွင်တာဝန်ရှိသည့်အပေါ် ကေအဲန်ယူဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ထည့်သွင်းတိုက်တွန်းထားခြင်းဖြစ်သည်။

ထို့အပြင် စစ်အာဏာရှင်စနစ်ကို တော်လှန်နေကြသည့် အဖွဲ့အစည်းအားလုံးနှင့်လည်း စစ်ရေးဆိုင်ရာ ပူးပေါင်းလုပ်ဆောင်မှုများကို တိုးမြှင့်လုပ်ဆောင်သွားရန် လိုအပ်သည်ဟု KNU ဥက္ကဌက အလေးအနက် ထည့်သွင်းပြောကြားထားသည်။

KNU ဥက္ကဌက “နိဂုံးချုပ်အနေဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်နေ့တွင် KNLA မှ အရာရှိစစ်သည်များ၊ မျိုးချစ်ရဲဘော်များ၊ ရဲဘော်ရဲဘက်များနှင့် ကရင်အမျိုးသားအားလုံးသည် KNU ၏ ဦးဆောင်မှုအောက်တွင် ကရင်တစ်မျိုးသားလုံး၏ လိုအင်ဆန္ဒဖြစ်သော စစ်အာဏာရှင်စနစ်အောက်မှ လွတ်မြောက်ခြင်းသာမက ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင်လည်း အားလုံးပါဝင်ကြရန်” သဝဏ်လွှာမှတစ်ဆင့် တိုက်တွန်းထားသည်။

Photo: AFP

လူမျိုးအားလုံး လွတ်လပ်ရေး၊ တန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် အတူတကွ လက်တွဲမဖြုတ်ဘဲ လူမျိုးအားလုံး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားကြမည်ဖြစ်ကြောင်းကိုလည်း သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြထားသည်။

ကရင်အမျိုးသားခုခံတော်လှန်ရေး သမိုင်းကြောင်းတွင် ၁၉၄၉ ခုနှစ်၊ ဇွန်လ (၁၄) ရက်နေ့၌ ကော်သူးလေအစိုးရကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး၊ ထိုမှတစ်ဆင့် ကရင်လက်နက်ကိုင် ခုခံတော်လှန်ရေး အဖွဲ့အစည်းများအားလုံးကို “ကော်သူးလေတပ်မတော်” (Kawthoolei Arms Forces – KAF) အဖြစ် စုစည်းခဲ့သည်။ ထို့နောက် ၁၉၅၆ ခုနှစ်တွင် ကျင်းပခဲ့သည့် ကရင်အမျိုးသားဆိုင်ရာ ကွန်ဂရက်မှ “စစ်ရေးလမ်းစဉ်နှင့်အတူ ကရင်လက်နက်ကိုင် တပ်မတော်၏ ဖွဲ့စည်းပုံ” ကို အတည်ပြုကာ “ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်” (KNLA) အဖြစ်သို့ ပြောင်းလဲအသိအမှတ်ပြု ခေါ်ဝေါ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် KNU-ကရင်အမျိုးသားအစည်းအရုံး ကာကွယ်ရေးဌာန၏ လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် ကရင်အမျိုးသားကာကွယ်ရေးအဖွဲ့ (KNDO) အပါအဝင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့များကို စနစ်တကျ ဖွဲ့စည်းထားရှိပြီး KNU ၏ နိုင်ငံရေးရည်မှန်းချက်ဖြစ်သော လုံခြုံရေးနှင့် စစ်ဘက်ဆိုင်ရာ လုပ်ငန်းစဉ်များကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။