Home သတင်း တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်

တနင်္သာရီမြို့နယ်တွင် စစ်ဘေးရှောင် ၁၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများလိုအပ်

529
Photo: တနင်္သာရီတိုင်းက စစ်ဘေးရှောင်ကလေးငယ်များ -CJ

ဖေဖော်ဝါရီ ၂၇ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် ဖြစ်ပွားလျက်ရှိနေသည့် တိုက်ပွဲများနှင့် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲခြင်း စသည်တို့ကြောင့် စစ်ရှောင်နေရသူ ၁၀,၀၀၀ ကျော်အတွက် အရေးပေါ်အကူအညီများ လိုအပ်နေသည်ဟု မြေပြင်၌ ကူညီပေးနေသူများက ပြောဆိုသည်။

အဆိုပါ မြို့နယ်တွင် စစ်ကောင်စီက နယ်မြေပြန်စိုးမိုးရန် စစ်ကြောင်းထိုးလာသည့်အတွက် ကျေးရွာ ၁၀ ရွာ ဒေသခံတို့ စစ်ဘေးရှောင်နေရခြင်းဖြစ်သည်ဟု မြေပြင်၌ စစ်ရှောင်များကို အနီးကပ်ကူညီနေသူတစ်ဦးက ယခုလို ပြောသည်။

“စစ်ဘေးရှောင်နေရတာတော့ကြာပြီး အခုချိန်ထိနေရပ် မပြန်နိုင်သေးတဲ့ သူတွေလည်းရှိတယ်။ အဓိကကတော့ တိုက်ပွဲက ဖြစ်လိုက်ငြိမ်လိုက်နဲ့ဆိုတော့ နေရပ်ကိုမပြန်တဲ့သူတွေများလာတယ်။ အဲ့တာကြောင့် စားနပ်ရိက္ခာ အပြင်ကိုမှ တခြားသောကူညီထောက်ပံ့မှုတွေ ပိုပြီးလိုအပ်လာတယ်” ဟု ၎င်းက ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ပြောသည်။

တနင်္သာရီမြို့နယ်အတွင်းရှိ သိန်းခွန်းရွာ၊ ချောင်းနှစ်ပေါက်ရွာ၊ သဘော့လိပ်ငယ်ရွာ၊ ထုံမခါရွာ၊ ညောင်ပင်ကွင်း ကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာက ဒေသခံတို့ လက်ရှိ ဥယျာဉ်ခြံများနှင့် တောတောင်များထဲ၌ ရှောင်နေရ သည့်အတွက် နေရာထိုင်ခင်း အခက်အခဲများလည်း ရှိနေသည်ဟု သိရသည်။

၎င်းက “လိုအပ်တာတွေကတော့ နေထိုင်ဖို့အတွက် အဓိကဖြစ်တဲ့တာလပတ်တွေ လိုအပ်လာတယ်။ ပြီးတော့ ဒီရက်ပိုင်း မှာမိုးရွာတာတွေကလည်း ရှိလာတော့ တော်တော်လေး အခက်အခဲဖြစ်တယ်။ ဒေသခံတွေအတွက် နေရထိုင်ရတာ တွေက ခက်ခဲနေတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၇ ရက်နေ့ မွန်းလွဲချိန်တွင် ညောင်ပင်ကွင်းရွာအတွင်းသို့ သုံးကြိမ်ဆက်တိုက်ဗုံးကြဲ တိုက်ခိုက်ခံရပြီး ဒေသခံနေအိမ်အလုံး ၆၀ ကျော် မီးလောင်ပျက်စီးခဲ့သည်ဟု တနင်္သာရီမြို့နယ် ကေအဲန်ယူ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထီးဝါးက ကေအိုင်စီသို့ ပြောဆိုထားသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်းတွင် စစ်တပ်နှင့်တော်လှန်ရေးတပ်များကြား ဖြစ်ပွားလျက်ရှိနေသည့် နှစ်ဖက် တိုက်ပွဲများအပြင် စစ်တပ်မှလေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများကြောင့်ပြီးခဲ့သည့် ဇန်နဝါရီလမှ စတင်ပြီး ယခုလအထိ နေရပ်စွန့်ခွာထွက်ပြေးတိမ်းရှောင်သူ စစ်ဘေးရှောင် ဦးရေခုနှစ်သောင်းကျော်အထိ ရှိလာသည်ဟု FE 5Tanintharyi ၏ အစီရင်ခံစာထုတ်ပြန် ချက်များအရ သိရသည်။