Home သတင်း သထုံခရိုင်တွင် တစ်ရက်အတွင်း ရွာ ၃ ရွာ လေယာဉ်ဗုံးကြဲခံရ၊ အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံး

သထုံခရိုင်တွင် တစ်ရက်အတွင်း ရွာ ၃ ရွာ လေယာဉ်ဗုံးကြဲခံရ၊ အရပ်သားနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ ထိခိုက်သေဆုံး

649
Photo: CJ

ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၁)၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ ပိန္နဲကုန်း၊ ကော်ကပ်နှင့် ထီးဆီဘော(တဂေးလောင်းချောင်းဖျား)ရွာများသို့ ယမန်နေ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့တစ်ရက်တည်းတွင် စစ်ကောင်စီက လေကြောင်းမှဗုံးကြဲပစ်ခတ်ခဲ့ရာ တော်လှန်ရေးတပ်ဖွဲ့ဝင် (၃)ဦး သေဆုံး၊ (၈)ယောက်ထိခိုက်၍ အရပ်သားပြည်သူ (၅)ဦး ထက်မနည်းလည်း ဒဏ်ရာရရှိသွားကြောင်း ကေအဲန်ယူ သထုံခရိုင်ထံမှ သိရသည်။

ယမန်နေ့ နံနက် ၁၀ နာရီဝန်းကျင်က ပျဥ်းကတိုးကုန်းကျေးနယ်၊ ပိန္နဲကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းပတ်လည်နှင့် ရွာအတွင်းအခြားနေရာများသို့ စစ်တပ်က လေကြောင်းမှနေ၍ ဗုံးကြဲတိုက်ခိုက်သဖြင့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့်ပြည်သူများ ထိခိုက်သေဆုံးရခြင်းဖြစ်သည်ဟု ကေအဲန်ယူ သထုံခရိုင်ဘက်က ထုတ်ပြန်ပြောဆိုသည်။

ကေအဲန်ယူ၏ ကျိုက်ထိုမြို့နယ် ဥက္ကဋ္ဌ ပဒိုစောထွန်းဦးက “ဟိုရွာ ဒီရွာတွေကိုလေယာဥ်နဲ့လာကြဲတာ ဘုန်းကြီး ကျောင်းထဲမှာ သူများတွေရှိနေချိန်လည်းဖြစ်တယ်။ တော်လှန်ရေးတပ်ဖွဲ့ဘက်က ၃ယောက်သေပြီး ၈ ယောက်ဒဏ်ရာရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ယမန်နေ့ နေ့လည် ၁၂ နာရီနှင့် ညနေ (၄)နာရီဝန်းကျင်တွင်လည်း ကျောက်ဖျာကျေးနယ်အုပ်စု၊ ကော် ကပ်ကျေးရွာအတွင်းသို့ လေကြောင်းမှ (၂)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အတွက် ကော်ကပ်ရွာ စာသင်ကျောင်းအဆောက်အဦး ထိမှန်ပျက်စီးခဲ့ရသည်ဟု သထုံခရိုင်ဘက်က ယမန်နေ့ထုတ်ပြန်ချက်အရ သိရသည်။

“ကော်ကပ်နဲ့ ပိန္နဲတောဆိုတာ ကြားမှာ ရွာ လေးငါးရွာခြားသေးတယ်။ ပုံမှန်လိုဆိုလေယာဥ်သံကြားရင် အမှုမဲ့အမှတ်မဲ့ပဲ။ ဒါပေမဲ့ မနေ့ကမနက်ပိုင်း ပိန္နဲကုန်းမှာကြဲတာ လူတွေသေတယ်ကြားထားတော့ သတိထားနေတာ။ ကလေးတွေစာမေးပွဲဖြေပြီးလို့ ကျောင်းကပိတ်ထားလို့ တော်သေးတာပေါ့။ ရေချိုးနေရင်းတန်းလန်း လေယာဥ်ကြဲတာနဲ့ ထပြေးရတယ်။” ဟု ကော်ကပ်ရွာဒေသခံတစ်ဦးက ပြောသည်။

Photo: CJ

ထိုနေ့ မွန်းလွဲပိုင်းတွင်ပင် ပျဥ်းမပင်ဆိပ်(ထီဖာဒိုထာ)ကျေးရွာအုပ်စု တဂေးလောင်းချောင်းဖျားရွာအတွင်း လေကြောင်းမှ ပေါင်(၅၀၀)အားရှိ ဗုံးသီးနှစ်လုံးကြဲချခဲ့သဖြင့် ရွာအတွင်းရှိ ခရစ်ယာန် ဘုရားရှိခိုးကျောင်းနှင့် ပြည်သူပိုင်နေအိမ်(၁၇)လုံး ပျက်စီးဆုံးရှံးမှုများပြားခဲ့ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက်က ဆိုသည်။

အဆိုပါ တဂေးလောင်းချောင်းဖျား ကျေးရွာမှာ ယမန်နေ့ကတိုက်ခိုက်မှုမတိုင်ခင် ၂၀၂၄ ခုနှစ် ဧပြီလပိုင်းက စစ်တပ်ပိုင်လေကြောင်းဖြင့်တစ်ကြိမ်၊ ၂၀၂၅ ခုနှစ် ဇန်နဝါရီလပိုင်းတွင် ထပ်မံ၍လေကြောင်းတိုက်ခိုက်မှု တစ်ကြိမ်နှင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၉)ရက်နေ့က တစ်ကြိမ်၊ အကြိမ်ကြိမ် တိုက်ခိုက်မှုခံခဲ့ရသည့် ကျေးရွာလည်းဖြစ်သည်။

စာသင်ကျောင်းနေရာသို့ မကြာခဏပစ်ခတ်တိုက်ခိုက်လေ့ရှိသည့် စစ်တပ်လေကြောင်းအန္တရာယ်ကြောင့် ကျောင်းဆက်လက်ဖွင့်ရန် လုံခြုံရေးစိုးရိမ်နေရသည်ဟု ဒေသခံတို့ကပြောသည်။

သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ မဲပလီစစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ စတင်တိုက်ခိုက်သိမ်းပိုက်လိုက်သည့်နောက်ပိုင်းမှစ၍ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ ရက်ဆက်ဆိုသလို လုပ်ဆောင်နေ၍ တစ်လအတွင်း ပျက်စီးဆုံးရှုံးမှု များပြားလျက်ရှိသည်။