Home သတင်း လူမှောင်ခိုအထူးနှိမ်နင်းရေးအဖွဲ့၏ ပထမခြေလှမ်းအဖြစ် ကျားဖြန့်ရှင်းလင်းစစ်ဆင်ရေး BGF စတင်

လူမှောင်ခိုအထူးနှိမ်နင်းရေးအဖွဲ့၏ ပထမခြေလှမ်းအဖြစ် ကျားဖြန့်ရှင်းလင်းစစ်ဆင်ရေး BGF စတင်

674
Photo: BGF

ဖေဖော်ဝါရီ ၁၄ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ်-BGF က ဖွဲ့စည်းထားသည့် လူမှောင်ခို (ခေါ်) ကျားဖြန့်အထူးနှိမ်နင်းရေးအဖွဲ့ ၏ ပထမခြေလှမ်းအဖြစ် ယနေ့ နံနက် ၆ နာရီအချိန်မှစ၍ မြဝတီမြို့ မြောက်ဘက်ရှိ ရွှေကုက္ကိုမြို့အတွင်း ကျားဖြန့် ရှင်းလင်းရေး စစ်ဆင်ရေးလုပ်ငန်း ဆောင်ရွက်နေပြီဖြစ်ကြောင်း BGF က ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ BGF နယ်မြေအတွင်း ဖွင့်လှစ်လုပ်ကိုင်နေသည့် လူမှောင်ခိုလုပ်ငန်းများအား စုံစမ်းစစ်ဆေး ဖမ်းဆီးအရေးယူရန်ရည်ရွယ်၍ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကစတင်ဖွဲ့စည်းလိုက်သည့် အဆိုပါနှိမ်နင်းရေးအဖွဲ့တွင် ကြီးကြပ်ရေးနှင့်ပြန်လည်ပို့ဆောင်ရေးအဖွဲ့နှင့် အလုပ်အဖွဲ့(၃)ဖွဲ့ထားရှိပြီး ဆောင်ရွက်နေခြင်းဖြစ်သည်။

“ဝင်ပြီးရှင်းလင်းရေးလုပ်တာက ဒီမနက် ၆နာရီမှာ စစ်ဆင်ရေးစပြီ။ ပြန်အပ်တာက အသုတ်အသုတ်နဲ့ စစ်ဆေးရေးလုပ်ပြီးရင်တော့ ပြန်အပ်မှာပေါ့။ အဓိက ထိုင်းနိုင်ငံက တစ်ရက်ကို လူ ၅၀၀ ပဲသူတို့ လက်ခံနိုင်တော့ ပို့နိုင်တဲ့အနေအထားပေါ့နော်။ ဒီဘက်မှာလည်းစစ်ဆေးမှုတွေ လုပ်ရမှာလည်းရှိတယ်လေ” ဟု ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး အဖွဲ့ဝင် ဒုဗိုလ်မှူးကြီးနိုင် မောင်ဇော်က ကေအိုင်စီသို့ ပြောသည်။

မြဝတီဒေသ BGF နှင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်-DKBA နယ်မြေအတွင်းရှိ လူမှောင်ခိုနှင့် လူကုန်ကူးမှုလုပ်ငန်းများ တွင်တွင်ကျယ်ကျယ်ဖြစ်လာပြီးနောက် ထိုင်းနိုင်ငံဘက်က အရေးယူဖြတ် တောက်မှု၊ ဖိအားပေးမှုအချို့ရှိခဲ့သဖြင့် ကျောက်ခက်ဒေသရှိ လူကုန်ကူးခံရသူ နိုင်ငံခြားသား၂၆၁ ဦးအား DKBA ဘက်က ဖေဖော်ဝါရီလ ၁၂ရက်နေ့တွင် ထိုင်းဘက်သို့ ပထမဆုံးအကြိမ်အဖြစ် အလုံးအရင်းလိုက် လွှဲပြောင်းပေးခဲ့သည်။

ထို့အပြင် လူမှောင်ခိုကိစ္စများနှင့်စပ်လျဥ်းပြီး ထိုင်းဘက်က BGF ခေါင်းဆောင် ဗိုလ်မှူးကြီးစောချစ်သူနှင့် ထိပ်ပိုင်းခေါင်းဆောင်အချို့ကို ထိုင်းနိုင်ငံ အထူးစုံစမ်းစစ်ဆေးရေးဌာနဘက်က တရားစွဲဆို ဖမ်းဝရမ်း ထုတ်နိုင်ရန်အထိ အစီအစဥ်ရှိခဲ့ပြီး တရုတ်နိုင်ငံဘက်ကလည်း ကျားဖြန့်နှိမ်နင်းရေးနှင့်ပတ်သက်၍ ဝေဖန်သံထွက်ရှိခဲ့သည်။

Photo: BGF

ထို့နောက်တွင် BGF ဘက်က ကျားဖြန့်/လူမှောင်ခို ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့အား ဖွဲ့စည်းလာပြီး ပြည်သူအများလိုလားသည့်အတိုင်း ကျားဖြန့်ပပျောက်ရေးအား အယောင်ပြမဟုတ်ဘဲ စုံစမ်း စစ်ဆေး ဆောင်ရွက်သွားမည်ဟု ဒုတိယဗိုလ်မှူးကြီး နိုင်မောင်ဇော် က ကေအိုင်စီနှင့် သီးသန့်အင်တာဗျူးမှတဆင့် တုန့်ပြန်ပြောဆိုခဲ့သည်။

“သက်ဆိုင်ရာ စိုးမိုးနယ်မြေထဲက နေရာတိုင်းအတားအဆီးမရှိ ကျနော်တို့ဖော်ထုတ်မယ်။ လူမှောင်ခို ထားတဲ့လူတွေကိုဖမ်းဆီးပြီး မှောင်ခိုကူးခံရတဲ့သူတွေကို နေရပ်ပြန်ပို့မယ်။ တစ်သုတ်ပြီး တစ်သုတ်ရှင်းလင်းသွားပါမယ်။” ဟု ၎င်းက ကေအိုင်စီနှင့်သီးသန့်အင်တာဗျူးတွင် ပြောသည်။

အလားတူ မြို့တွင်းသတင်းအရင်းအမြစ်များအရ BGF တပ်များ ရွှေကုက္ကိုမြို့သစ်ရှိ ကျားဖြန့်လုပ် ကိုင်နေသည့်နေရာများသို့ အင်အားအများအပြားဖြင့် ဝင်ရောက်စစ်ဆေးနေသည့် မြင်ကွင်းဓာတ်ပုံအချို့လည်း ယနေ့ လူမှုကွန်ရက်မီဒီယာမှတဆင့် ပျံ့နှံ့လျက်ရှိသည်။

BGF ဖွဲ့စည်းလိုက်သည့် ကျားဖြန့် ပပျောက်နှိမ်နင်းရေး အထူးအဖွဲ့၏ ကြီးကြပ်ရေးနှင့် ပြန်လည်ပို့ဆောင်ရေး အဖွဲ့တွင် အဖွဲ့ခေါင်းဆောင်အဖြစ် ဗိုလ်မှူးကြီး စောဒိဒိနှင့် ဒုအဖွဲ့ခေါင်းဆောင်အဖြစ် ဒုဗိုလ်မှူးကြီးစောကျောဖေါက တာဝန်ယူထားသည်။

ထို့အတူ ဒုဗိုလ်မှူးကြီးနိုင်မောင်ဇော်၊ ဒုဗိုလ်မှူးကြီး စောမောင်လေး၊ ဗိုလ်မှူး စောအောင်နိုင်ဦး၊ ဗိုလ်မှူးစောယဉ်ကြည်နှင့် ဗိုလ်မှူးမျိုးကျော်ခိုင်တို့ က အဖွဲ့ဝင်များအဖြစ် ပါဝင်ပြီး အလုပ်အဖွဲ့(၃)ဖွဲ့၌ တစ်ဖွဲ့လျှင် အဖွဲ့ဝင်(၇)ယောက်ပါဝင်သည်။