Home သတင်း အလုပ်ရမည်ဟု လိမ်ညာခေါ်လာသည့် မြန်မာ ၆၀ ဦးကို ပွဲစား ပစ်ထား

အလုပ်ရမည်ဟု လိမ်ညာခေါ်လာသည့် မြန်မာ ၆၀ ဦးကို ပွဲစား ပစ်ထား

672
Photo: Khaosod

ဖေဖော်ဝါရီ ၁၂ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

ထိုင်းနိုင်ငံ ပက်ချာဘွန်းပြည်နယ်တွင် ပွဲစားများမှ အလုပ်ရှာပေးမည်ဟု လိမ်လည်ခေါ်ယူကာ စွန့်ပစ်ထားခြင်းခံရသည့် မြန်မာနိုင်ငံသား ၆၀ ဦးကို ထိုင်းအာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့သည်ဟု Khaosod သတင်း၌ ဖော်ပြထားသည်။

ထိုင်းနိုင်ငံ ခေါင်ခိုပြည်နယ်၊ ရင်စီမွင်းခရိုင်ခွဲရှိ ဒေသခံများထံ မြန်မာအမျိုးသားနှစ်ဦးက မောပန်းနွမ်းနယ်စွာဖြင့် အစား အသောက်များ လာတောင်းစားခဲ့ပြီးအနီးတွင် ပုန်းအောင်းနေသူများလည်းရှိသည်ဟု ဒေသခံများထံ ပြောဆိုခဲ့သည်။

ထို့ကြောင့် နယ်မြေခံအုပ်ချုပ်ရေးမှူး ပိုင်တွန်ခေါက်ဆွမ်ဘတ်သည် အဆိုပါနေရာအား စုံစမ်းရှာဖွေခဲ့ရာ အနီးရှိတောအုပ် တစ်ခု၌ မြန်မာနိုင်ငံသားအမျိုးသား ၁၇ ဦး၊ အမျိုးသမီး ၅ ဦးနှင့် အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူ ၃၅ ဦးကို တွေ့ရှိခဲ့သည်။

ကနဦး စုံစမ်းစစ်ဆေးမှုများအရ အဆိုပါအဖွဲ့သည် တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်ရှိ နယ်စပ်တောလမ်းကြောင်းမှတစ်ဆင့် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။ ၎င်းတို့ကို နခွန်စဝမ်ပြည်နယ်သို့ ပို့ဆောင်ပြီး ချွန်ဘူရီပြည်နယ်ရှိ ပတ္တရားမြို့တွင် အလုပ်လုပ်ကိုင်ရမည်ဟု ကတိပေးကာ ထရပ်ကားဖြင့် ခေါ်ဆောင်လာပြီး ခေါင်ခိုခရိုင်တွင် စွန့်ပစ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ၎င်းဖြစ်ရပ်နှင့် ဆက်နွယ်နေသည့် မြန်မာနိုင်ငံသား ၃ ဦးကို ထဖောခရိုင် ရဲတပ်ဖွဲ့က ထပ်မံ ဖမ်းဆီးရမိခဲ့သည်။ ၎င်းတို့ သည် ဖေဖော်ဝါရီ ၉ ရက်နေ့တွင် မဲဆောက်ခရိုင်မှတစ်ဆင့် ဝင်ရောက်လာသည့် အဖွဲ့ထဲမှဖြစ်ကာ ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပွဲစားဖြစ်သူက အလုပ်သို့ ပို့ဆောင်ပေးမည်ဟု ပြောဆိုပြီး ယခုလို စွန့်ပစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုရွှေ့ပြောင်းနေထိုင်သူများတွင် ထိုင်းနိုင်ငံသို့ ဝင်ရောက်ခွင့် သို့မဟုတ် နေထိုင်ရန်အတွက် တရားဝင် စာရွက်စာတမ်းများ မပါ ရှိကြောင်း၊ ထို့ကြောင့် တရားမဝင် ဝင်ရောက်မှုဖြင့် အာဏာပိုင်များက လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟု ထိုင်းအာဏာပိုင်များက ပြောသည်။

ယခုလို ထိုင်းသို့ တရာမဝင်နယ်စပ်ဖြတ်ကျော်မှုနှင့် လူကုန်ကူးမှုများ ဆက်ဖြစ်ပွားနေသလို ဒေသခံအာဏာပိုင်တို့က အဆိုပါ လူကုန်ကူးကွန်ရက်တွင် ခေါ်ဆောင်လာသူနှင့် စွန့်ပစ်ခြင်း ပြုလုပ်သူ တရားခံများကို ဆက်လက်စုံစမ်းစစ်ဆေး နေသည်ဟု သတင်း၌ ဖော်ပြထားသည်။

Source: Khaosod