Home သတင်း ထားဝယ်မြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် အမျိုးသားတစ်ဦးနှုန်း စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီက အိမ်တိုင်ရာရောက်အမိန့်ပေးခေါ်ယူ

ထားဝယ်မြို့ပေါ်တွင် တစ်ရပ်ကွက်လျှင် အမျိုးသားတစ်ဦးနှုန်း စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီက အိမ်တိုင်ရာရောက်အမိန့်ပေးခေါ်ယူ

687
Photo -Internet

ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်မြို့ပေါ်ရှိ တစ်ရပ်ကွက်လျှင် အမျိုးသား တစ်ဦး နှုန်းဖြင့် စစ်မှုထမ်းဆောင်ရန် စစ်ကောင်စီက ယခုဇန်နဝါရီလဒုတိယအပတ်အတွင်း သက်ဆိုင်ရာနေ အိမ်များထိ လိုက်လံအမိန့်ပေးစေခိုင်းခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ထားဝယ်မြို့ပေါ် ရပ်ကွက်(၁၅)ခုရှိ စစ်ကောင်စီကရွေးချယ်ထားပြီးသူ အမျိုးသား(၁၅)ဦး နေထိုင်ရာ နေအိမ်များသို့ လိုက်လံကာ စစ်မှုထမ်းစာရင်းပါသဖြင့် ဇန်နဝါရီလ (၁၃)ရက်နေ့တွင် သက်ဆိုင်ရာရုံး ဌာနသို့ လာရောက်ရန် အမိန့်ပေးအကြောင်းကြားစာရွက်ပေးဝေခဲ့ခြင်းဖြစ်သည်ဟု လက်ခံရရှိသည့်မြို့ခံတို့က ပြောသည်။

“အရင်လိုမဲဖောက်တာမဟုတ်ဘူး။ ရုံးလာရမယ်ဆိုပြီးလိုက်ခေါ်ကတည်းက သူတို့မှာစာရင်းအတိ အကျရထားပြီးသား။ နာမည်စာရင်းပါသူတွေရဲ့အိမ်ထိ စာလိုက်ပို့ပြီး ဇန်နဝါရီလ ၁၃ ရက်နေ့က ရုံးကိုလာခိုင်းတာ။ စစ်မှုထမ်းရမယ့်သူတစ်ယောက်ဆို သူကိုယ်တိုင်ရောဂါသည်မို့လို့ ရုံးအထိတောင်းတောင်းပန်ပန်နဲ့သွားပြောတာကို မရဘူး။ အိမ်ပေးမပြန်ဘဲ တခါတည်းခေါ်ထားလိုက်တယ်။” ဟု မိသားစုဝင်များနှင့်နီးစပ်သူက ပြောသည်။

ထို့အပြင် နာမည်စာရင်းပါသဖြင့် စစ်မှုထမ်းရမည့်သူမပါဘဲရုံးသို့လာသည့် မိသားစုဝင်များအား ကာယကံရှင်ကိုခေါ်၍ ထပ်မံလာရောက်ရန်ပြောဆိုပြီး ပြန်လွှတ်ခဲ့သည်ဟုလည်း ၎င်းတို့နှင့်နီးစပ်သူက ပြောသည်။

ယင်းသာမက ထားဝယ်မြို့ပေါ်တွင် ယခု ဇန်နဝါရီလဒုတိယအပတ်က ရပ်ကွက်အချို့ ဧည့်စာရင်း လိုက်လံစစ်ဆေးခြင်းခံရပြီးနောက် စစ်ကောင်စီမှ ပေါ်တာဆွဲခြင်းခံလိုက်ရသည့် လူငယ် အချို့လည်းရှိခဲ့ကြောင်း ထားဝယ်မြို့တွင်းတော်လှန်ရေးသတင်းအရင်းအမြစ်များမှ သိရသော်လည်း ကေအိုင်စီအနေဖြင့်ဆက်လက်အတည်ပြုနေဆဲဖြစ်သည်။

ထားဝယ်မြို့နယ်သည် ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူ တပ်မဟာ(၄)၊ ဘိတ်-ထားဝယ်ခရိုင် အုပ်ချုပ်နယ်မြေအတွင်းရှိပြီး မြို့ပေါ်မှကျေးရွာများသို့လမ်းတစ်လျှောက် စစ်ကောင်စီ တပ်အစစ်အဆေးများပြားခြင်းအပြင် ကေအဲန်ယူဘက်ကသတိပေးမှုများ လုပ်ဆောင်ထားသဖြင့် ပို၍သတိထားသွားလာရကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “စစ်တပ်ကလှုပ်ရှားတာတွေရှိလာလို့ ခရိုင်ထဲမှာနေတဲ့ အထူးသဖြင့် အသက်၁၈ နှစ်ပြည့်ပြီး လူငယ်တွေသတိထားသွားလာဖို့ ကေအဲန်ယူကစာထုတ်ထားတယ်လေ။ ကျမတို့လည်း အစစ်အဆေး များလွန်းလို့ မြို့ပေါ်မရောက်တာနှစ်နဲ့ချီရှိပြီ။ ရွာဘက်မှာတော့ စစ်တပ်ပေါ်တာလိုက်ဆွဲ တာမျိုးမရှိသေးဘူး” ဟု ထိုအမျိုးသမီးက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် တရားဝင်တပ်သားစုဆောင်းရေးလုပ်ငန်းများ လုပ်ဆောင် လာပြီးနောက် ထားဝယ်မြို့နေလူငယ်များအား အဓိကခေါ်ယူမှုများနေပြီး စစ်မှုမထမ်းနိုင်ပါက စစ်ကောင်စီသို့ ကျပ်ငွေသိန်းဆယ်နှင့်ချီ ပေးဆောင်ရသည့်ဖြစ်စဥ်မျိုးရှိခဲ့ကြောင်း မြို့နေပြည်သူများထံမှ သိရသည်။

အလားတူ ပြီးခဲ့သည့် ဒီဇင်ဘာလတစ်လလုံးတွင်လည်း စစ်ကောင်စီက တနင်္သာရီတိုင်းအတွင်း တပ်အင်အားတိုးချဲ့မှုများရှိလာပြီး အတင်းအဓမ္မအားဖြင့် လူသိထင်ရှားသော်လည်းကောင်း၊ လူသူ မသိသော်လည်းကောင်း ပေါ်တာဆွဲမှုလုပ်ဆောင်နေသည့် ဖြစ်စဥ်များ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့ သည်ဟုလည်း ဒေသတွင်းလူ့အခွင့်အရေးချိုးဖောက်ခံရမှုများကို မှတ်တမ်းပြုစုနေသော FE5 Tanintharyi က ဆိုသည်။