ဇန်နဝါရီ ၁၆ ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီခရိုင်အတွင်း လာရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်ကြသည့် တရုတ်လုပ် ငန်းရှင်များ အနေဖြင့် လူလိမ်လည်ခေါ်ယူခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ လူကုန်ကူးခြင်း နှင့် အသက်မပြည့်သူများကို အလုပ်တာဝန်ပေး ခြင်းများပြုလုပ်ပါက အရေးယူမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း နယ်ခြားစောင့် တပ်-BGF က ယခုလ ၁၄ ရက်နေ့က ခေါ်ယူသတိပေးခဲ့သည်ဟု တာဝန်ရှိသူများ အတည်ပြုပြောဆို သည်။
BGF အပါအဝင် ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်-DKBA ထိပ်ပိုင်းခေါင်းဆောင်များ ပါဝင်၍ မြဝတီခရိုင်အတွင်း လောင်းကစားလုပ်ငန်းများ လာရောက်ရင်းနှီးလုပ်ကိုင်နေကြသည့် တရုတ် လုပ်ငန်းရှင်များနှင့် ဇန်နဝါရီလ ၁၄ ရက်နေ့က ခေါ်ယူပြုလုပ်သည့် အရေးပေါ်အစည်းအဝေးတွင် BGF ခေါင်းဆောင် ဗိုလ်မှူးချုပ် စောချစ်သူက ထိုသို့ သတိပေးပြောဆိုလိုက်ခြင်းဖြစ်သည်။
အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့သူ DKBA ဒု စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝက “ဗိုလ်ချစ်သူက ဒီမြဝတီလား၊ ကျောက်ခက်လား၊ ကုက္ကိုလ်လာ အဲ့မှာ လာလုပ်နေတဲ့ တရုတ်တွေကို ညှဉ်းပန်းနှိပ်စက်တာမလုပ်ဖို့၊ အသက် ၁၈ နှစ်မပြည့်ရင် အလုပ်မပေးဖို့ သက်ကြီးရွယ်အိုတွေရဲ့ ငွေတွေကို လိုက်မလိမ်ဖို့ အဲ့ဒါတွေကို လုပ်တာသိရင် အရေးယူမယ်။ အဓိက ကတော့ တရုတ်ကိစ္စပါပဲ။” ဟု ကေအိုင်စီသို့ ပြောသည်။
တရုတ်လုပ်ငန်းရှင်များကို ခေါ်ယူသတိပေးရာ၌ လေးစားလိုက်နာရမည့် စည်းကမ်းချက်များကို သတ်မှတ်ရာတွင် နည်းလမ်းပေါင်းစုံဖြင့် လိမ်ညာခေါ်ဆို၍ အတင်းအဓမ္မခိုင်းစေခြင်း၊ လူမဆန်စွာ ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ခြင်း၊ ၁၈ နှစ် မပြည့်သေးသော ကလေးသူငယ်များကို လုပ်ငန်းတာဝန်ပေး အပ်ခြင်း နှင့် လျော်ကြေးပေး၍ခေါ်ဆောင်ခြင်း၊ လူကုန်ကူးမှုပြုလုပ်ခြင်းတို့ကို မလုပ်ဆောင်ရန် စသည့် အချက် (၄)ချက်ပါဝင်ပြီး လုပ်ဆောင်သူများကို လည်း အရေးယူသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်ဟု သိရသည်။

ယခုလို စည်းကမ်းချက်သတ်မှတ်ပြီး ခေါ်ယူသတိပေး ပြောဆိုမှုအပေါ်တွင်လည်း တရုတ်လုပ်ငန်းရှင်များ ဘက်ကသဘောတူခဲ့ကြသလို မြဝတီမြို့နယ်အတွင်းရှိနေသည့် လောင်းကစားရုံများ၊ အန်ဂလုံဝိုင်း များကို ၃ရက်အတွင်း ပိတ်သိမ်းရန် DKBA မှ ဗိုလ်ချုပ်စောဆန်းအောင်ကိုလည်း ဗိုလ်မှူးချုပ် စောချစ်သူက တာဝန်ပေးခဲ့ကြောင်း ဒုဗိုလ်ချုပ်ကြီး စောရွှေဝက ဆက်ပြောသည်။
ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းက နာမည်ဆိုးနှင့် ကျော်ကြားနေသည့် ထိုင်း-မြန်မာနယ်စပ်တစ်ကြောရှိ ကာစီနို လောင်းကစားရုံများရှိရာနေရာများတွင် တရုတ်ရုပ်ရှင် သရုပ်ဆောင် ဝမ်ရှင်း(ခေါ်) ရှင်းရှင်း အခြားသော နာမည်ရ တရုတ်လူငယ်များနှင့် အခြားနိုင်ငံခြားသားများ လူကုန်ကူးခံရသည့် သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာပြီးနောက်ပိုင်း ယခုလို တရုတ်လုပ်ငန်းရှင်များကို ခေါ်ယူသတိပေး သည့် အစည်းအဝေးကို BGF ဘက်က ပြုလုပ်လာခြင်းဖြစ်သည်။
ယခုလို ခေါ်ယူသတိပေးမှုများပြုလုပ်နေသော်လည်းပဲ BGF အကာအကွယ်ပေးထားသည့် ရွှေကုက္ကိုမြို့သစ်တွင် လောင်းကစားရုံများ၊ ကျားဖြန့်ငွေလိမ်လုပ်ငန်းများ ဆက်လက် လည် ပတ်နေသေးသလို အထပ်မြင့်အဆောက်အဦးများ ဆက်လက် တိုးချဲ့ ဆောက်လုပ်မှုများရှိနေကြောင်း ရွှေကုက္ကို ဒေသခံများက ပြောသည်။

အလားတူ DKBA ထိန်းချုပ်ရာ မြဝတီတောင်ဘက်ရှိ ကျောက်ခက်ကျေးရွာတွင်လည်း ကာစီနို လောင်းကစားရုံများနှင့် ကျားဖြန့်ငွေလိမ်ခြင်းအပြင် အခြားသော လုပ်ငန်းများ လုပ်ဆောင်ရန် အဆောက်အဦးများ၊ လမ်းများကို ပြင်ဆင်တိုးချဲ့ ဆောက်လုပ်နေပြီး တရုတ် နိုင်ငံသား အချို့လည်း၎င်းဒေသတွင် လုပ်ငန်းများ ရောက်ရှိ လုပ်ကိုင်နေကြသည်ဟု ဒေသတွင်း သတင်းအရင်းအမြစ်ထံမှ သိရသည်။
ယခုလို ထိုင်း-မြန်မာ နယ်စပ်တွင် လူလိမ်ဂိုဏ်းများ၏ ငွေကြေးလိမ်လည်မှုများ၊ လူကုန်ကူးမှုများ၊ ညှဉ်းပန်းနှိပ်စက်မှုခံရသည့် ဖြစ်ရပ်များကို ကြုံတွေ့နေရသည့် နိုင်ငံခြားသားအလုပ်သမားများသည် ထိုင်းနိုင်ငံမှတဆင့် ဝင်ရောက်လာကြခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်အချို့၏ ပါဝင်ပတ် သက်မှုများလည်းရှိနေနိုင်ကြောင်းလည်း ထောက်ပြပြောဆိုမှုများရှိသည်။
ဗိုလ်မှူးချုပ် စောချစ်သူ ဦးဆောင် ပြုလုပ်သည့် ထိုနေ့အစည်းအဝေးတွင် အခြား BGF တပ်နယ်မှူးခေါင်းဆောင်များနှင့် DKBA မှ ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စောရွှေဝ အပါအဝင် အခြား သော DKBA ၏ ထိပ်ပိုင်းအရာရှိများအပြင် တရုတ်လုပ်ငန်းရှင်များလည်းပါဝင်ပြီး ပထမဦးဆုံးအကြိမ် ပြုလုပ်သော အစည်းအဝေးဖြစ်သည်ဟု သိရသည်။



















