ဇန်နဝါရီလ ၁၃ရက်၊ ၂၀၁၂။ စောသိန်းမြင့် (ကေအိုင်စီ)
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်းကျေးရွာ ဘုရားပွဲတော်အတွင်း လူအများအပြား ထိခိုက်သေဆုံးခဲ့ သည့် ဗုံးပေါက်ကွဲမှုတွင် ကရင်အမျိုးသားအစည်း အရုံး(ကေအဲန်ယူ)၏ လက်ချက်ဖြစ်မည်ဟု ယူဆကြောင်း အစိုးရသတင်း စာတွင် ယနေ့ဖော်ပြသည်။
ဇန်နဝါရီလ ၇ရက်နေ့ ညပိုင်းက ဖြစ်ပွားခဲ့သည့် ၎င်းဗုံးပေါက်ကွဲမှုတွင် ကေအဲန်ယူအဖွဲ့မှ ယူဆရသူ လူတစ်ဦးက ဈေးဝယ်ရန် လွယ်အိတ်အထဲသို့ ပိုက်ဆံနှိုက်ယူရာမှ ဗုံးတစ်လုံးပြုတ်ကျ ပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု အစိုးရသတင်းစာတွင် ဖော်ပြသည်။
ဗုံးယူဆောင်လာသူမှာ ပေါက်ကွဲမှုကြောင့် မျက်နှာနှင့် ခန္ဓာကိုယ်တို့တွင် ဒဏ်ရာရရှိကာ ထိမှန်သေဆုံးသကဲ့သို့ အနန်းကွင်းရွာ သူ တစ်ဦးသေဆုံးပြီး အနန်းကွင်းရွာသူရွာသား ၅ဦး၊ တညင်ကျေးရွာသူ ၅ဦး ဒဏ်ရာအပြင်းအထန်ရရှိပြီး ဒဏ်ရာရရှိသူများကို သံဖြူဇရပ်ဆေးရုံနှင့် မော်လမြိုင်ဈေးရုံတွင် တက်ရောက်ဆေးကုသလျှက်ရှိသည်ဟု ဆိုသည်။
သို့သော် ကေအိုင်စီမှ သီးသန့်ရရှိသည့် သတင်းအရ ထိုဗုံးပေါက်ကွဲမှုတွင် စုစုပေါင်း အပြစ်မဲ့ ပြည်သူ (၅၀)ဦး ထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟု သိရသည်။
၎င်းဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် အခြေအနေ အားလုံးကို ခြုံကြည့်ပါက အစိုးရစစ်တပ်၏ လက်ချက်သာဖြစ်ပြီး ကေအဲန်ယူ၏ လက်ချက်မဟုတ်ကြောင်း ကေအဲန်ယူမှ တာဝန်ရှိသူ ဗိုလ်ကြီးစောထဲနေက တုန့်ပြန်ပြောဆိုလိုက်သည်။

“အစိုးရဘက်က ဒီအတိုင်းပဲ ပြန်ပြောရမှာပေါ့လေ။ သူတို့ လက်ချက်ပဲကိုး။ ဗုံးပေါက်ကွဲတာလည်း စစ်တပ်ရဲ့ စခန်းရဲ့ ခြံစည်း ရိုးနားမှာပဲ။ ပြီးတော့ ပေါက်ကွဲမှုမဖြစ်ခင်မှာ ဗျူဟာမှူးနဲ့ ဘုန်းကြီး စကားများကြတယ်။ ပေါက်ကွဲမှုအပြီး ၈ရက်နေ့မှာ တပ်မ ဟာ (၆)တခုလုံးမှာ တပ်တွေ တပ်လှန့်ထားလိုက်တယ်။ ရှင်းရှင်းပြောရရင် ဒီဟာလုပ်ဖို့ ကျနော်တို့ မူမရှိပါဘူး။ ဒီပေါက်ကွဲမှုမှာ သေတာလည်း ကျနော်တို့ ကရင်ပြည်သူတွေပဲ။ ဒဏ်ရာရတာလည်း ကရင်ပဲလေ။”ဟု ပြောသည်။
ဗုံးပေါက်ကွဲမှုအပြီး အစိုးရစစ်တပ်က တုန်လှုပ်သည့် လှုပ်ရှားမှုအမူအရာ တစုံတရာမရှိသလို ပေါက်ကွဲမှုအပြီး နောက်တနေ့ မနက်တွင် အခင်းဖြစ်ပွားရာ နေရာသို့ရောက်ရှိလာပြီး လူသေလောင်းနှင့် လက်ကျန်ဗုံးအပိုင်းအစများကို လိုက်လံရှင်းလင်းမှု များ လုပ်ဆောင်ခဲ့သည်ဟု ဘုရားပွဲမှ ပွဲထိန်းသံဃာတော်တစ်ပါးက မိန့်ကြားသည်။
၎င်းသံဃာတော်က “မနက်မိုးလင်းမှာ စစ်တပ်က ဗုံးအပိုင်းအစတွေ အကုန်လုံး လိုက်ရှင်းလိုက်တယ်။ ဗုံးအခွံက အစိမ်းရင့် ရောင်၊ တတ်သိနားလည်တဲ့လူတွေရဲ့ ပြောပြချက်အရဆို တရုတ်ကထုတ်တဲ့ ဗုံးအမျိုးအစားပဲ။”ဟု ကေအိုင်စီသို့ မိန့်ကြား သည်။
အနန်းကွင်းကျေးရွာတွင် ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးမိုးအောင် ဦးဆောင်သည့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ စကခ(၁၉)မှ ဗျူဟာအမှတ်(၁) အခြေစိုက် လှုပ်ရှားသည်ဟု နယ်မြေခံများ၏ ပြောပြချက်အရ သိရသည်။
လွန်ခဲ့သည့် ၂၀၀၉ခုနှစ်တွင် ကရင်ပြည်နယ် ဖာပွန်မြို့တွင် ပြုလုပ်ခဲ့သည့် ကရင်နှစ်သစ်ကူးပွဲတော်အတွင်း လူ ၇ဦး သေဆုံး ပြီး ၁၁ဦးဒဏ်ရာရရှိခဲ့သည့် ဗုံးပေါက်ကွဲမှုတွင်လည်း ကေအဲန်ယူလက်ချက်ဖြစ်သည်ဟု အစိုးရသတင်းစာများဖြစ်သည့် မြန်မာ့ အလင်းနှင့် ကြေးမုံမှ အလားတူ ရေးသားဖော်ပြခဲ့သည်။


















