Home သတင်း တောင်ငူရေဘေးသင့် ပြည်သူများအား စစ်ကောင်စီက အကူအညီမပေးသည့်အပြင် ညဘက် ပေါ်တာလိုက်ဆွဲနေ

တောင်ငူရေဘေးသင့် ပြည်သူများအား စစ်ကောင်စီက အကူအညီမပေးသည့်အပြင် ညဘက် ပေါ်တာလိုက်ဆွဲနေ

660
Photo- ဒေသတွင်း ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ

ဩဂုတ်လ ၃၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဆည်ရေဖောက်ချမှုကြောင့် စစ်တောင်းမြစ်ရေလျှံကာ ရေဘေးသင့်နေရသည့် တောင်ငူမြို့ ပေါ် နှင့် ကျေးရွာများရှိ ပြည်သူများကို စစ်ကောင်စီက အကူအညီမပေးသည့်အပြင် လူငယ်များကို စစ်မှုထမ်းရန် ညပိုင်းတွင် အတင်းအဓမ္မပေါ်တာဆွဲခြင်းများ ပြုလုပ်နေကြောင်း တောင်ငူမြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းက နေပြည်တော်နယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ ငလိုက်ဆည် နှင့် ပဲခူးတိုင်း၊ ဆွာမြို့နယ်ရှိ ဆွာဆည်မှ ရေများကို ဖောက်ချလိုက်ခြင်းကြောင့် ယခုလ ၂၇ ရက်နေ့မှစ၍ စစ်တောင်းမြစ်ရေလျှံတက်ကာ တောင်ငူမြို့ပေါ် ရပ်ကွက် ၄ ခုနှင့် စစ်တောင်းမြစ်အနီးကျေးရွာများတွင် ရေလွှမ်းမိုးခံရသည်။

ရေလွှမ်းမိုးခံရ၍ ရေဘေးသင့် ပြည်သူများအတွက် လိုအပ်သော အရေးပေါ်အကူအညီများကို စစ်ကောင်စီက ကူညီထောက်ပံ့မှုတစ်စုံတစ်ရာ လုပ်ဆောင်ခြင်းမရှိဘဲ ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့နှင့်လုပ်ငန်းရှင်အချို့ကသာ ကူညီပေးနေရကြောင်း တောင်ငူမြို့ခံ အမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ဆည်တွေရေလွှတ်ပြီး ရေမြှုပ်သတ်နေသလိုပဲ ပြည်သူတွေကို။ အခုထိ ဘာမှ လာကူညီပေးတာမရှိဘူး။ ကျမတို့မှာ ကျမတို့ပဲရှိတယ်။ ပြည်သူမှ ပြည်သူသို့ပါပဲ။ ဘာမှ မလာတဲ့အပြင် မြို့ထဲမှာ ဆိုင်ကယ်ဖမ်း၊ ကားဖမ်းနဲ့။ ညညဆို ပေါ်တာပါဆွဲသေးတယ်။ ညက တောင်ငူမြို့မှာ ၄ ယောက်ပါသွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

တောင်ငူဒေသတွင် မိုးသည်းထန်စွာရွာသွန်းခြင်းမရှိဘဲ ဆည်များကို ရေလွှတ်ချခြင်းဖြစ်ကာ မြစ်ရေလျှံတက်ပြီး နေ့စဉ်ရေများပိုမို တိုးလာခြင်းကြောင့် ၄ ရက်တာအတွင်း တောင်ငူမြို့ပေါ် ရပ်ကွက် (၈)၊ (၉) နှင့် (၁၀) အပြင် မြစ်အနီး ကျေးရွာများမှ ဒေသခံများအပါအဝင် စုစုပေါင်းဒေသခံ (၅,၀၀၀) ကျော် ရေဘေးသင့်နေကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေး အသင်းအဖွဲ့များထံမှ သိရသည်။

အဆိုပါ ရေဘေးသင့်ပြည်သူများကိုလည်း ဒေသတွင်း လူမှုကူညီကယ်ဆယ်ရေးအသင်းအဖွဲ့များက ကယ်ဆယ်ရေးနှင့် နေရာ ပြန်လည်ချထားရေးများ၊ စားနပ်ရိက္ခာနှင့်သောက်ရေသန့်များကို ယာယီ ကူညီထောက်ပံ့ပေးထားရပြီး အဓိကအားဖြင့် တောင်ငူမြို့တွင်း အလှူရှင်များနှင့် နိုင်ငံခြားရောက် မြန်မာပြည်သူလူထုအချို့၏ ကူညီထောက်ပံ့မှုများကိုသာ အားထားနေရကြောင်း လူမှုကယ်ဆယ်ရေး လုပ်ဆောင်သူများက ပြောသည်။

Photo- ဒေသတွင်း ကူညီကယ်ဆယ်ရေး အသင်းအဖွဲ့များ

စစ်ကောင်စီအနေဖြင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို မလုပ်ဆောင်ပေးသည့်အပြင် တပ်သားသစ် စုဆောင်းနိုင်ရေးအတွက် နည်းလမ်းပေါင်းစုံဖြင့် အတင်းအဓမ္မစုဆောင်းမှုများကိုသာ လုပ်ဆောင်နေပြီး ဆည်ရေများကိုလည်း မည်သည့်အတွက်ကြောင့်လွှတ်ချခြင်းနှင့် ဆည်ရေလွှတ်ချမည်ကို ပြည်သူများ အား ကြိုတင်အသိပေးခြင်းမျိုးမရှိကြောင်းလည်း ဒေသခံများက ဆိုသည်။

လတ်တလောတွင် ရေလွှမ်းခံရ၍ ရေးဘေးသင့်ဒေသခံများကို ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များက ပြောင်း ရွှေ့ကူညီကယ်ဆယ်မှုများပြုလုပ်၍ မြို့၏ ကုန်းမြင့်ပိုင်း နေရာများရှိ စာသင်ကျောင်းများတွင် ယာယီ ဖွင့်လှစ်ထားသည့် ရေဘေးရှောင်စခန်း ၅ ခုတွင် နေရာချထားပေးကြောင်း ဒေသတွင်း လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့ ထံမှသိရသည်။

ထိုယာယီဖွင့်လှစ်ပေးထားသည့် ရေဘေးရှောင်စခန်း ၅ ခုတွင် ရေးဘေးသင့် ပြည်သူ (၂,၅၀၀) ခန့် လာရောက်ခိုလှုံလျက်ရှိသည်ဟု သိရသည်။ ရေလွှမ်းခံရသည့် ကျေးရွာများရှိ ဒေသခံများအနေဖြင့်လည်း နီးစပ်ရာဘုန်းတော်ကြီး ကျောင်းများတွင် ယာယီပြောင်းရွှေ့ နေထိုင်ကြရကာ အစားအသောက်၊ ဆေးဝါး နှင့် သန့်ရှင်သောရေအလုံအလောက် မရရှိကြကြောင်း ဒေသခံများက ဆိုသည်။

လက်ရှိတွင် စစ်တောင်းမြစ်ရေ ဆက်လက်မြင့်တက်လာနေ၍ သံတောင်ကြီးမြို့အနီး ပသိဆည် ကိုပါဖောက်ချမည့် သတင်းများကြောင့် ရေများထပ်မံ မြင့်တက်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်နေကြပြီး နောက်ထပ် ရေဘေးသင့်ပြည်သူဦးရေထပ်တိုးလာနိုင်သည့် အခြေအနေတွင်ရှိကြောင်း ကူညီကယ်ဆယ်သူများက ပြောသည်။

တောင်ငူမြို့တွင် ယခုလို စစ်တောင်းမြစ်ရေလျှံတက်လာပြီး ရေကြီးရေလျှံမှုဖြစ်ပွားခြင်းသည် သမိုင်းတလျှောက် အဆိုးရွားဆုံးရေဘေးသင့်ဒဏ်ခံရခြင်းဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။