Home သတင်း KNU သထုံခရိုင် မြို့နယ်နှစ်ခုတွင် လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၈ ဦး သေဆုံး

KNU သထုံခရိုင် မြို့နယ်နှစ်ခုတွင် လက်နက်ကြီးကြောင့် တစ်လအတွင်း အရပ်သား ၈ ဦး သေဆုံး

770
Photo: KNU

ဩဂုတ် ၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်နယ်မြေ၊ ဒူးသထူ(သထုံ)ခရိုင်/တပ်မဟာ(၁)နယ်မြေရှိ မြို့နယ် နှစ်ခုတွင် ကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်သည့်အတွက် ဇူလိုင်လ အတွင်း အရပ်သား ပြည်သူ ၈ ဦးသေဆုံးပြီး ၁၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု တပ်မဟာ-၁ က ပြုစုထားသည့် စာရင်း တွင် ဖော်ပြထားသည်။

ကေအဲန်ယူ၊ ဒူးသထူ(သထုံ)ခရိုင် ကျိုက်ထိုနှင့်သထုံမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီက ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ တဖန်တိုက်ပွဲဖြစ်ပွားချိန် ကျေးရွာများသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်သည့်အတွက် အရပ်သားပြည်သူ အများအပြားထိခိုက်သေဆုံးမှု ရှိပြီးလူနေအိမ် များ ထိခိုက်ပျက်စီးသွားသည်။

အဆိုပါ သေဆုံးသွားသည့် အရပ်သား ၈ ဦး ထဲတွင် အသက် ၁၀ နှစ်ကျော် ၃ ဦး၊ ၂၀ နှစ်ကျော် ၃ ဦး နှင့် ၄၀ ကျော် တစ်ဦးပါဝင်သလို ဒဏ်ရာရရှိသူများထဲတွင် ၁၀ နှစ်အောက်ကလေးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးလည်း ပါဝင်ကြောင်း သထုံခရိုင်က ပြောသည်။

သထုံခရိုင်အတွင်း လက်နက်ကြီး ပစ်ခတ်မှုကို စစ်ကောင်စီ အမှတ်-၄၄၊ ခြေမြန်တပ်မဌာနချုပ် လက်အောက်ခံ (ခမရ-၂) ခြေမြန်တပ်ရင်း၊ အမြောက်တပ် -၃၁၄၊ ခြေမြန်တပ်ရင်း (ခမရ-၉)၊ အမှတ်(၃၁၀) အမြောက်တပ်နှင့် အမှတ်(၆၀၂) ဒုံးတပ်ရင်းတို့က ပစ်ခြင်း ဖြစ်သည်ဟု ကေအဲန်ယူက ထုတ်ပြန်ထားသည်။

ထိုသို့ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကေအဲန်ယူ ဒူးသထူ(သထုံ)ခရိုင်၊ ကျိုက်ထိုမြို့နယ် ကရဝေး ဆိပ်၊ ငှက်ပျောတော၊ ချောင်းကွေ့၊ သိမ်ဇရပ်နှင့် သထုံမြို့နယ် ရွှေရောင်ပြ ၊ချောင်းစောင့် ၊ မိချောင်းအိုင်နှင့် မိုးကောင်း စသည့်ကျေးရွာများ၌ လက်နက်ကြီးကျရောက်ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။

၎င်းအပြင် ဒေသအတွင်းရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA၊ ကရင်အမျိုးသားကာကွယ်ရေး တပ်မတော်-KNDO နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့မှ စစ်ကောင်စီလေးကေစခန်း၊ ဝင်းတာပန်စခန်းနှင့် ဂိတ်စခန်းငယ်များကို ဒရုန်းဗုံးပစ်ခတ်ခြင်း၊ ပြောက်ကျားပစ်ခတ်ခြင်းနှင့် မိုင်းဆွဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ဇူလိုင်လ အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်ဘက်မှ ၉ ဦး သေဆုံးပြီး ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။