Home သတင်း သုံးဆယ်မြို့ အနောက်ဖက်ခြမ်း ရွာများ ရေနစ်မြှုပ်၍ အကူအညီလိုအပ်နေ

သုံးဆယ်မြို့ အနောက်ဖက်ခြမ်း ရွာများ ရေနစ်မြှုပ်၍ အကူအညီလိုအပ်နေ

834
Photo: အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်း (သုံးဆယ်မြို့)

ဇူလိုင် ၂၆ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ သုံးဆယ်မြို့ အနောက်ဖက်ခြမ်းရွာများဖြစ်သည့် ဖိုးခေါင်ကျေးရွာနှင့် စံရွေးကျေးရွာတို့တွင် ဇူလိုင် ၂၂ ရက်မှစ၍ လူနေမရ အောင် ရေကြီးမှုဖြစ်ပေါ်နေသည်ဟု အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်း (သုံးဆယ်မြို့) မှ တာဝန်ရှိသူတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဇူလိုင် ၂၂ ရက် နံနက် လေးနာရီအချိန်မှစ၍ မြစ်ရေများ ပိုမိုမြင့်တက်လာပြီး ဖိုးခေါင်ကျေး ရွာဘက်အခြမ်းတွင် တာလမ်းပေါ်ရေကျော်ခြင်း၊ နေအိမ်အောက်ပိုင်းများတွင် ရေနစ်မြှုပ်နေခြင်း၊ စံရွေးတိုက်နယ် ဆေးရုံဝင်းအတွင်း ရေနစ်မြှုပ်ခြင်း၊ တာလမ်းပေါ်တွင် လူနေထိုင်ရန်နှင့် တိရိစ္ဆာန်များ နေထိုင်ရန် ပြုလုပ် နေထိုင်ကြခြင်းဖြင့် ရေဘေးဒုက္ခ အခက်အခဲများ ကြုံတွေ့နေကြရသည်ဟု အဆိုပါအဖွဲ့မှ သိရသည်။

နေအိမ်များ ရေနစ်မြှုပ်ရာတွင် အိမ်တစ်ဝက်မှ တစ်အိမ်လုံးနီးပါးအထိ နစ်မြှုပ်လျက်ရှိသည်ဟု ဒေသခံများထံမှလည်း သိရသည်။ ယခုလက်ရှိ ရေကြီးသော နေရာများကို စက်လှေဖြင့်သာ သွားလာနေကြရသည်ဟုလည်း ဒေသခံအချို့က ဆိုသည်။

“ကျမတို့ အခုတော်တော်လေးကို ခက်ခဲနေတာပါ။ ကျမတို့ ရေသောက်ချင်တာတောင် သောက်ဖို့ မရှိဘူး။ ချက်ပြုတ်စားသောက်ဖို့ဆို စဥ်းတောင် စဥ်းစားလို့ မရဘူး။ သူများ လာလှူတဲ့ ဟာ လေးနဲ့ပဲ လောက်လောက်ငှငှ စားသောက်နေရတာပါ။ ကူညီကယ်ဆယ်ရေးအဖွဲ့တွေတော့ လာကူညီပါတယ်။ ဒါပေမဲ့ သူတို့တွေမှာ စက်လှေ အလုံအလောက်မရှိတော့ ခက်တာပေါ့” ဟု ရေဘေးကြုံနေရသူ အမျိုးသမီးတစ်ဦးက ပြောသည်။

လက်ရှိတွင် ရေနစ်မြှုပ်သည့် ရွာ ၂၀ ဝန်းကျင်လောက်ရှိပြီး အိမ်ခြေအတိအကျတော့ မသိရသေးဟု ကရင်စုလူငယ် လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။

Photo: အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်း (သုံးဆယ်မြို့)

၎င်းက ဆက်ပြီး “အဲဒီလိုမျိုးဖြစ်သွားရင် သူတို့အတွက် နေစ ရာ စားစရာတွေကတော့ အခက်ရှိတယ်။ ရေက အစ အခက်အခဲ ရှိနေတယ်။ သူတို့အတွက် အစားအသောက် ရေက အစလိုအပ်တယ်” ဟု ပြောသည်။

လက်ရှိတွင် နီးစပ်ရာ အလှူရှင်များက တတ်နိုင်သမျှ ကူညီလှူဒါန်းမှုများ ရှိနေသော်လည်း လုံလောက်သည့် အနေအထားတော့ မရှိသေးဟု သိရသည်။

“လူတိုင်းကျပ်တည်းနေတဲ့ ကာလကြီးမှာ သူတို့ တတ်နိုင်သလောက် လှူတန်းပေးကြတယ်။ အလှူရှင်တွေ ပေးသမျှကို အတတ်နိုင်ဆုံး လောက်ငှအောင် ပြန်ပြီး မျှဝေပေးနေရတယ်။ ခုချိန်အထိ အလှူရှင်တော့ နည်းသေးတော့ ခက်ခဲနေတဲ့ သူနဲ့ လှူတန်းမှုတော့ မလောက်သေးတဲ့ အတွက် တော် တော်လိုအပ်နေသေးပါတယ်” ဟု အဖြူရောင်ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူက ဆိုသည်။

လတ်တလောတွင် ရေဘေးဒုက္ခသည် စခန်းအနေဖြင့် မထားရှိသေးဘဲ ရေဘေးသင့်သူများအနေဖြင့် ကုန်းမြင့်ပိုင်းရှိ အသိမိတ်ဆွေများ၏ နေအိမ်များတွင် ပြောင်းရွှေ့နေထိုင်လျက်ရှိကြသည်ဟု ဒေသခံအချို့က ဆိုသည်။