Home သတင်း သက်တမ်း ၂၇နှစ်ရှိ စစ်ကောင်စီ ဝေ့တူရေ့(အောင်သာဝရ)စခန်းကို KNLA တပ်မဟာ ၄ ပူးပေါင်းတပ် သိမ်းပိုက်၊ စခန်းရှိ စစ်ကောာင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံး

သက်တမ်း ၂၇နှစ်ရှိ စစ်ကောင်စီ ဝေ့တူရေ့(အောင်သာဝရ)စခန်းကို KNLA တပ်မဟာ ၄ ပူးပေါင်းတပ် သိမ်းပိုက်၊ စခန်းရှိ စစ်ကောာင်စီတပ်ဖွဲ့ဝင်အားလုံး သေဆုံး

802
Photo- KNU

ဇွန်လ ၁၅ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဘိတ်-ထားဝယ်ခရိုင်/တပ်မဟာ(၄) နယ်မြေ၊ လယ်မူလား (တနင်္သာ)မြို့နယ်တွင် သက်တမ်း ၂၇နှစ်ရှိ စစ်ကောင်စီ ဝေ့တူရေ့(အောင်သာဝရ)စခန်းကို ယမန်နေ့ ဇွန်လ ၁၄ ရက်နေ့လည် ၁ နာရီအချိန်ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့ တက်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ ဝင်အားလုံး သေဆုံးသွားကြောင်း သိရသည်။

တပ်အင်အား ၅၀ ခန့်ရှိ အခိုင်အမာတည်ဆောက်ထားသော အဆိုပါ စစ်တပ်စခန်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ရန် KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ အချိန် (၂)လ နီးပါးကြာအချိန်ယူကာ တိုက်ခိုက်ရပြီး တပ်စခန်းထဲရှိ စစ်ကောင်စီတပ်ဖွဲ့တစ်ယောက်မကျန် အားလုံးသေဆုံးခဲ့ကြောင်း ကေအဲန်ယူ ဘိတ်-ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နာက ပြောသည်။

ပဒိုစောအယ်နာက “စခန်းသိမ်းပိုက်သွားနိုင်ပြီး စခန်းမှာရှိတဲ့ ၁၂၀ မမတို့ လက်နက်ကြီး လက်နက်ငယ်တွေအားလုံး သိမ်းဆည်းရမိတယ်။ အသေးစိပ်တော့ အတည်ပြုမရသေးဘူး။ စခန်း ထဲမှာတော့ စစ်ကောင်စီ အင်အား (၅၀) ခန့်လောက်ရှိတယ်၊ အကုန်သေတယ် ။ ဒီစခန်းကို သွားပြီးစတိုက်တာက ၂ လလောက်တော့ရှိပြီး ”ဟု ကေအိုင်စီသို့ပြောသည်။

ထိုတပ်စခန်း သိမ်းပိုက်ပြီးနောက်တွင် စစ်ကောင်စီတပ်ဘက်မှ KNLA တပ်ရင်း(၇) ဆေးရုံတစ်ခုကိုလည်း စစ်ကောင်စီက တိုက်လေယာဉ်နှင့် လာရောက်ဗုံးကြဲတိုက်ခိုက်သည့်အတွက် သူနာပြုတစ်ဦးနှင့် အမျိုးသမီးတစ်ဦးလည်း သေဆုံးသွားရကြောင်း ပဒိုစောအယ်နာက ဖြည့်စွက်ပြောသည်။

“စခန်းသိမ်းပြီးမကြာဘူးလေယာဉ်နဲ့ တစ်ခေါက်နှစ်ခေါက်လာပစ်သေးတယ်။ အဲဒီက တပ်ရင်းဆေးရုံကို လေယာဉ်နဲ့ဗုံးသွားကြဲတယ်။ အဲဒီမှာ ဆရာမတစ်ဦးနဲ့ နောက်ထပ်အမျိုးသမီးတစ်ဦးသေဆုံးတယ်။ အဲဒီ ဆေးရုံက ဒီဝေ့တူရေ့စခန်းနဲ့ကမနီးဘူး၊ စက်လှေနဲ့ ၂နာရီလောက်သွားရသေးတယ်”ဟု ပဒိုစောအယ်နာက ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲသည် KNLA တပ်ရင်း(၇)၊ တပ်မဟာတပ်ရင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တော်လှန်ရေးပူးပေါင်းတပ်တို့က တက်ရောက်တိုက်ခိုက်သိမ်းယူခြင်းလည်းဖြစ်သည်။
ဝေ့တူရေ့(အောင်သာဝရ) တပ်စခန်းသည် တနီင်္သာရီမြစ်ဘေးတွင် တည်ရှိပြီ ၁၉၉၇ ခုနှစ်က ဝင်ရောက်တပ်စွဲနေထိုင်ခဲ့ခြင်းဖြစ်ပြီး ၎င်းတပ်စခန်းသိမ်းပိုက်ချိန်တွင် စစ်ကောင်စီ ခြေလျင်တပ်ရင်း (ခလရ)-၂၈၅ တပ် အခြေချတပ်စွဲနေထိုင်ကြောင်း ကေအဲန်ယူ တပ်မဟာ၄ က ပြောသည်။