Home သတင်း ကောကရိတ်တွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးနှိပ်စက်ပြီး ငွေကြေးဥစ္စာများ ယူဆောင်နေ

ကောကရိတ်တွင် စစ်တပ်က အရပ်သားများကို ဖမ်းဆီးနှိပ်စက်ပြီး ငွေကြေးဥစ္စာများ ယူဆောင်နေ

887

ဧပြီလ ၂၄ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

မြဝတီသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သည် ကော့ကရိတ်မြို့ ခံ အရပ်သားပြည်သူအချို့ကို ဖမ်းဆီးနှိပ်စက်ကာ ငွေကြေး၊ ပစ္စည်းဥစ္စာများ အတင်းအဓမ္မယူဆောင်သွားခဲ့ကြောင်း ကော့ကရိတ်မြို့ ဒေသခံများက ပြောသည်။

မြဝတီမြို့ပြန်လည်ရရှိရေးအတွက် စစ်ကူစစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ ၅၅ လက်အောက်ခံ တပ်ဖွဲ့များသည် ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်နေ့က ကော့ကရိတ်မြို့သို့ ရောက်ရှိနေပြီး မြို့တွင်းပြန်လည် နေထိုင်နေသည့် အရပ်သားပြည်သူအချို့ကို ဖမ်းဆီးရိုက်နှက်မှုများပြုလုပ်ကာ ငွေကြေး၊ ပစ္စည်းဥစ္စာများအား အတင်းအဓမ္မယူဆောင်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

“စစ်တပ်က တက်လာတဲ့လမ်းမှာ တွေ့တဲ့လူအကုန်ဖမ်းတယ်။ အချို့လည်း ရိုက်ခံထိတယ်။ အသက် အရွယ် ကောင်းတဲ့လူတော့ အကုန်လုံးလက်နောက်ပြန်ကြိုးတုပ်ခံရတယ်။ ပိုက်ဆံတွေ ဖုန်းတွေလည်း အကုန်ယူတယ်” ဟု ၎င်းမြို့ခံက ကေအိုင်စီသို ့ပြောသည်။

ထိုသို့ ငွေကြေး၊ ပစ္စည်းဥစ္စာများသိမ်းယူကာ ဖမ်းဆီးနှိပ်စက်ခံရပြီးနောက် ပြန်လည်လွှတ်ပေးရာတွင်လည်း ဖားအံ မြို့ဘက်သို့သာ တိမ်းရှောင်ခိုင်းနေပြီး ကော့ကရိတ်မြို့နယ် တောင်ပိုင်းကျေးရွာတွင် နောက်တစ်ကြိမ် ထပ်တွေ့လျှင် သတ်ပစ်မည်ဟုလည်း ခြိမ်းခြောက်ပြောဆိုမှုများပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ နောက်ထပ် မြို့ခံတစ်ဦးက ပြောသည်။

၎င်းက “နေအိမ်ပြန်နေတဲ့အရပ်သားတွေကို ဖမ်းဆီးနှိပ်စက်တယ်။ ငွေကြေးတွေဖုန်းတွေလည်းယူတယ်။ ဖမ်းဆီး စစ်ဆေးပြီး ပြန်လွှတ်ပေးတော့ ဖားအံဘက်မြို့ဘက်ကိုပဲ ပြေးခိုင်းတယ်။ ကျေးရွာဘက်မှာဒီမျက်နှာတွေ နောက်တစ်ခါ ပြန်တွေ့ရင် သတ်မယ်လို့ ပြောသွားတယ်။ မြို့ထဲပြေးရင် ဘာနဲ့စားမလဲအသိလည်းမရှိဘူး။ ရွာဘက်မှာက ကျွေးတဲ့လူရှိသေးတယ်လေ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်မှ ဖမ်ဆီးစစ်ဆေးပြီး နှိပ်စက်ခံရသည့် အရပ်သားပြည်သူများသည် ကော့ကရိတ်မြို့ အမှတ် (၁) ရပ်ကွက်၊ ရှမ်းပိုင်းတွင် နေထိုင်သော ဒေသခံများဖြစ်ကြပြီး ကလေး၊ လူငယ်နှင့် လူကြီးအား ၅၈ ဦးခန့် ဖမ်းဆီးနှိပ်စက်ခံခဲ့ရကြောင်း သိရှိရသည်။

ဆက်လက်၍ မြဝတီမြို့သို့ စစ်ကူသွားရန် စစ်ကောင်စီတပ်မှ အင်အားအလုံးအရင်းဖြင့် လက်နက်ကြီးများ၊ လေ ယာဉ်များနေ့စဉ် ပစ်ခတ်တိုက်ခိုက်သော်လည်း တော်လှန်ရေးပူးပေါင်းတပ်ဘက်က ကြားဖြတ်တိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ထိခိုက်သေဆုံးမှုများသဖြင့် မြဝတီ-သင်္ဃန်းညီနောင်သို့ စစ်ကူမရောက်နိုင်သေးဘဲ ကော့ကရိတ် မြို့တွင်သာ ရှိနေသေးကြောင်း တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။