Home သတင်း ဖာပွန်မြို့ အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်

ဖာပွန်မြို့ အနီးအနားရှိ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု အဆက်မပြတ်ပြုလုပ်

1078
Photo-CJ

မတ်လ ၂၃ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်း တပ်မဟာ ၅ နယ်မြေ/မူတြော်ခရိုင်၊ ဖာပွန်မြို့အနီးအနားရှိ ကျေးရွာများတွင် ယခုရက်ပိုင်းအတွင်း စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ အဆက် မပြတ်ပြုလုပ်လာနေကြောင်း ဖာပွန်မြို့ခံများက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းမှစတင်ကာ ဖာပွန်မြို့နှင့် အနီးတဝိုက်တွင် တပ်စွဲထားသော စစ်ကောင်စီတပ်နှင့် ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်အကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိရာတွင် စစ်ကောင်စီ တပ်သည် အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများနှင့် တောင်ယာစိုက်ခင်းများဘက်ကို လေကြောင်း တိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်သည့်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ရသည်ဟု ဖာပွန်မြို့ခံများက ပြောသည်။

ဖာပွန်မြို့ခံတစ်ဦးက “ ဒီမှာက ဘယ်သူမှလည်းသိပ်မရှိဘူး။ ရွာတွေဘက်ဆိုလည်းခြောက်ကပ်နေရောပဲ။ စစ်တပ် လေယာဉ်နဲ့လာကြဲတာ တောင်ယာခြံတွေ ကျနော့်အိမ်လည်း ထိတယ်။ အိမ်တစ်လုံးရဖို့ ပိုက်ဆံ တော်တော် စုရတာ အခုခဏလေးနဲ့ပျက်စီးသွားတော့ ခံစားရတာပေါ့။ အခုရက်တွေ ဗုံးနေ့တိုင်းလာကြဲနေတယ်။ စစ်တပ် စခန်းကို KNU တွေ တက်ပစ်ရင်တစ်ရွာလုံးကြိုပြီး ရှောင်ထားရပြီး။ အခုပြန်ထွက်ပြေးရပြီး”ဟု ကေအိုင်စီသို့ ပြောသည်။

ပြီးခဲ့သည့် မတ်လ(၂၁)ရက်၊ နံနက် ၁၂ နာရီ ၄၅ မိနစ်တွင်လည်း မူတြော်ခရိုင်၊ လူသောမြို့နယ်၊ ‌ဘောသေထာကျေးရွာအုပ်စု၊ ပနောကလဲကျေးရွာအတွင်းသို့ စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် ဗုံးဆံ(၂)လုံး ပစ်ချခဲ့ရာ အိမ်ခြေ(၇)လုံး ထိခိုက်ပျက်စီးပြီး ဝက်(၈)ကောင်နှင့် ဆိတ်(၆)ကောင် ထိမှန် သေဆုံးခဲ့သေးသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နှင့် ၂၀ ရက်နေ့အတွင်း ကေအဲန်ယူ မူတြော်ခရိုင်/တပ်မဟာ ၅ နယ်မြေ လူသောမြို့နယ်၊ ဘောသေထာကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများသို့ စစ်ကောင်စီတပ်က ဒရုန်းဗုံးသီးစုစုပေါင်း (၂၂၂) လုံးကြဲချခြင်းကြောင့် ထူမောဒဲ၊ တာဒိုထာနှင့် နီးဒိုထာကျေးရွာမှ အိမ်ထောင်စု(၁၀၂)စုရှိသည့် ပြည်သူ လူထုပေါင်း(၁၂၅၁)ဉီးသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင် နေရသေးသည်ဟု KNU က ထုတ်ပြန်ထားသည်။

ယမန်နေ့ မတ်လ(၂၂)ရက်ကလည်း နံနက် ၅နာရီမှ ညနေ ၈နာရီခွဲအထိ စစ်ကောင်စီ ဗုံးကြဲဒရုန်းလေယာဥ်မှ ၎င်းတို့၏တပ်စခန်းနှင့်အနီးအနားဝန်းကျင်၊ ဖာပွန်ခရစ်ယာန်ကျမ်းစာကျောင်းဝင်း၊ ဆောဘွဲဒဲနှင့် မယ်ယယ်ခီးနေရာများသို့ ဒရုန်းဗုံးသီးအလုံးတစ်ရာခန့် ကြဲချခဲ့သေးကြောင်း၊ ယမန်နေ့ မွန်းလွဲ ၂ နာရီ အချိန်ခန့်တွင်လည်း ဒွယ်လိုးမြို့နယ်၊ နားကိုခီးကျေးရွာအုပ်စုအတွင်းရှိ နားကိုထာကျေးရွာအတွင်းသို့ ဒရုန်းဖြင့်ဗုံးဆံတစ်လုံးကြဲချခဲ့သေးကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယခုရက်ပိုင်းအတွင်း ဖာပွန်မြို့ အနီးတဝိုက် ကျေးရွာများအပြင် လူသော၊ ဒွယ်လိုးနှင့် ဘူးသို စသည့် မြို့နယ်များတွင်လည်း နေ့စဉ်လိုလို ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်သည့်အတွက် ဒေသခံ အရပ်သားထိခိုက်သေဆုံးမှုနှင့် နေအိမ်အဆောက်အဦးများ ထိခိုက်ပျက်စီးလျက်ရှိသည်ဟု ကေအဲန်ယူ၏ ထုတ်ပြန်ထားချက်အရ သိရသည်။