Home သတင်း ရပ်နားထားသည့် သူလိုင်ဖောင် မဂ္ဂဇင်းပြန်လည်ထုတ်ဝေနိုင်ရန် စာမူများဖိတ်ခေါ်

ရပ်နားထားသည့် သူလိုင်ဖောင် မဂ္ဂဇင်းပြန်လည်ထုတ်ဝေနိုင်ရန် စာမူများဖိတ်ခေါ်

822
Photo: Ayeyarwaddy Karen Youth

ဇန်နဝါရီလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကိုဗစ် ကပ်ဘေးနှင့် နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် ၃ နှစ်တာ ရပ်နားထားရသည့် သူလိုင်ဖောင် မဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေနိုင်ရန် ညှိနှိုင်းစည်းဝေးမှုများပြုလုပ်ပြီး စာမူများ ဖိတ်ခေါ်လျက်ရှိကြောင်း မဂ္ဂဇင်းဖြစ်မြောက်ရေး ကော်မတီဝင်များက ပြောသည်။

ဧရာဝတီတိုင်းဒေသရှိ မြို့နယ်အလိုက် ဖွဲ့စည်းထားသည့် ကရင်စာပေနှင့် ယဉ်ကျေးမှု ကော်မတီ အသင်း အဖွဲ့များ နှင့် ကရင်လူငယ်များမှ ဦးဆောင်၍ သူလိုင်ဖောင်မဂ္ဂဇင်းကို ပြန်လည်ထုတ်ဝေနိုင်ရန် ပြီးခဲ့ သည့် ဒီဇင်ဘာလ ၃၀ ရက်နေ့က ကျောင်းကုန်းမြို့နယ်တွင် သက်ဆိုင်ရာကော်မတီဝင်များ တွေ့ဆုံ ညှိနှိုင်းခဲ့ခြင်းဖြစ်ကြောင်း ဖြစ်မြောက်ရေးကော်မတီဝင် မန်းဝင်းဌေး က ပြောသည်။

၎င်းက “စာမူအတွက် အားလုံးကို ဖိတ်ခေါ်ထားပါတယ်။ အဲ့စာမူကို ဘယ်တော့ ပေးရမလဲဆိုတော့ ဒီ ကရင်အမျိုးသားနေ့ကို စပေးနိုင်ပြီးတော့ လာမဲ့ ၂၀၂၄ ဇွန်လမှာ စာမူပိတ်သွားမှာဖြစ်တယ်။ စာမူကို ပိုးကရင်ကော၊ စကောကရင်ကော ပေးလို့ရတယ်” ဟု ကေအိုင်စီ သို့ ပြောသည်။

မဂ္ဂဇင်း ပြန်လည်ဖြစ်မြောက်ရေးအတွက် ဒီဇင်ဘာ ၃၀ ရက်နေ့က ပြုလုပ်ခဲ့သည့် နောက်ဆုံးညှိနှိုင်း အစည်းအဝေးတွင် မြို့နယ် (၁၀) မြို့နယ်မှ သဘောထားပေးထားပြီးဖြစ်ကြောင်းနှင့် လာမည့် ရက်ပိုင်း တွင်လည်း ထပ်မံတွေ့ဆုံသွားရန် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ထားကြောင်း မန်းဝင်းဌေး က ဆက်ပြောသည်။

Photo: Ayeyarwaddy Karen Youth

ယခင်က သူလိုင်ဖောင်မဂ္ဂဇင်းကို အနောက်ပိုးကရင်ဘာသာဖြင့် အဓိက ထုတ်ဝေခဲ့သော်လည်း ယခုပြန် လည် ထုတ်ဝေသွားမည့် သူလိုင်ဖောင် မဂ္ဂဇင်းတွင် ပိုး၊ စကော ကရင်အပြင် ဗမာဘာသာပါ ထည့်ဝင် သွားမည်ဖြစ်ကြောင်း နောက်ဆုံး ညှိနှိုင်းအစည်းအဝေးအရ သိရသည်။

သူလိုင်ဖောင် မဂ္ဂဇင်းကို ၂၀၁၂ ခုနှစ်တွင် ပန်းတနော်၊ အိမ်မဲ၊ ကျောင်းကုန်း နှင့် ကျုံပျော် အစရှိသည့် (၄) မြို့နယ်ရှိ ကရင်စာပေယဉ်ကျေးမှုအသင်းများမှ စတင်ထုတ်ဝေခဲ့ခြင်းဖြစ်ပြီး မဂ္ဂဇင်း၊ စာစောင် နှစ်မျိုး လုံးခြင်းထုတ်ဝေးခဲ့ရာ မဂ္ဂဇင်း အတွဲ(၄) အုပ်နှင့် စာစောင်အတွဲ (၄)အုပ်ကို ထုတ်ဝေနိုင်ခဲ့သည်။

ထို့နောက် ကိုဗစ်ကပ်ရောဂါ စတင်ဖြစ်ပွားရာ ၂၀၂၀ မှစတင်၍ မဂ္ဂဇင်းထုတ်ဝေမှုကို ရပ်တန့်လိုက်ရပြီး လက်ရှိ ပြန်လည်ထုတ်ဝေသွားရန် ပြန်လည်ကြိုးပမ်းနေခြင်းဖြစ်ပြီး ယခင်ထက်မြို့နယ် ကရင်စာပေနှင့် ယဉ်ကျေးမှု အသင်းအဖွဲ့များ ပါဝင်လာကြောင်း သိရသည်။