ဒီဇင်ဘာလ(၁၃)ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
မွန်ပြည်နယ်၊ သထုံခရိုင်၊ သထုံမြို့၊ နန်းခဲရပ်ကွက်၊ ဘုန်းကျောင်းလမ်းရှိ စစ်ကောင်စီခန့် ယာယီသမ္မတ ဦးမြင့်ဆွေ၏ ယောက္ခမ နေအိမ်အရှေ့တွင် ဒီဇင်ဘာလ(၁၁)ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။
ပေါက်ကွဲမှုကြောင့် အိမ်ရှေ့ခြံတံခါးနှင့်အုတ်တံတိုင်းများ ထိခိုက်ပျက်စီးခဲ့ရသော်လည်း နေအိမ်အတွင်း နေထိုင် သူ မရှိသည့်အတွက် လူထိခိုက်မှုမရှိခဲ့ကြောင်း ဒေသခံများ၏ ပြောကြားချက်ကို ကိုးကားပြီး ဒေသ အခြေစိုက် သတင်းမီဒီယာများက ဖော်ပြထားသည်။
အဆိုပါ ဖောက်ခွဲမှုအား မည်သည့်အဖွဲ့ကလုပ်ဆောင်သည်ကို မသိရှိရသေးကြောင်း သထုံခရိုင် ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့-PDF ပြန်ကြားရေးဝာာဝန်ခံ ကိုအေးမင်းထွန်းက ယခုလိုပြောသည်။
၎င်းက “အဲဒီသတင်းတော့ကြားတယ်။ ဒါပေမဲ့ ဘယ်အဖွဲ့က လုပ်ဆောင်တယ်ဆိုတာတော့ မသိရသေးဘူး။ တပ်မဟာ(၁)ထဲက တော်လှန်ရေးအဖွဲ့တွေကတော့ သူတို့တာဝန် သူတို့လုပ်နေကြတာပါ။ PDF ဆိုလည်း PDF အလျှောက် UG ဆိုလည်း UG အလျှောက်ပေါ့။ ဘယ်သူလုပ်လည်းဆိုတာတော့ ကျနော်တို့မသိရဘူး” ဟု ကေအိုင်စီကို ပြောသည်။
၎င်းပေါက်ကွဲမှုဖြစ်စဉ်ဖြစ်ပွားသည့် နေ့လည်ပိုင်းတွင် ဆိုင်ကယ်စီးနင်းလာသူ နှစ်ဦးက မိုင်းပစ်သွင်း ဖောက်ခွဲ ခဲ့ရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သလို ဖြစ်စဉ်ပြီးနောက် စစ်ကောင်စီတပ်များက မြို့အတွင်း ရှာဖွေစစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ကြကြောင်း မျက်မြင်တွေ့ရှိသူများက ပြောသည်။
အလားတူ ကေအဲန်ယူ တပ်မဟာ (၁) ထိန်းချုပ်သည့်နယ်မြေအတွင်းဖြစ်သော သထုံခရိုင်အတွင်းရှိ စစ်ကောင်စီ လက် အောက်ခံဝန်ထမ်းနှင့် မိသားစုဝင်များ၊ စစ်ဘက်နှင့်ဆက်နွယ်နေသူများ KNU နယ်မြေအတွင်းမှ အမြန်ဆုံး ထွက်ခွာ၍ စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများလည်း ပြည်သူနှင့်အမြန်ပူးပေါင်းကြရန် တပ်မဟာ (၁) ဘက်က ပြီးခဲ့ သည့် ဒီဇင်ဘာလ (၁၀) ရက်နေ့က ကြေညာချက်ထုတ်ပြန်ထားသေးသည်။
ဦးမြင့်ဆွေသည် အရပ်သားအစိုးရ သမ္မတဦးဝင်းမြင့်နှင့် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်း၍ နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်သော ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ (၁)ရက် နေ့တွင် စစ်တပ်ခန့်အပ်မှုဖြင့် ယာယီသမ္မတဖြစ်လာခဲ့ခြင်းဖြစ်သည်။



















