Home သတင်း ဖုန်းလိုင်းပိတ်ခံထားရ၍ ကော့ကရိတ်မြို့တွင်ပိတ်မိသူတချို့မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ

ဖုန်းလိုင်းပိတ်ခံထားရ၍ ကော့ကရိတ်မြို့တွင်ပိတ်မိသူတချို့မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်နေ

630
Photo: CJ

ဒီဇင်ဘာလ ၁၃ ရက်၊ ၂၀၂၃ ခုနှစ်၊ ကေအိုင်စီ

တိုက်ပွဲပြင်းထန်နေဆဲဖြစ်သည့်ကော့ကရိတ်မြို့တွင် စစ်ကောင်စီမှ ဖုန်းလိုင်းပိတ်ထားသောကြောင့် မြို့တွင်း ပိတ်မိသူတချို့ ကယ်ထုတ်နိုင်ရန်အတွက် မိသားစုဝင်များမှ အဆက်သွယ်လုပ်၍မရကြကြောင်း ဒေသခံများက ပြောသည်။

ကော့ကရိတ်မြို့နယ်အတွင်း နိုဝင်ဘာလကုန်က စတင်ခဲ့သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)တော်လှန်ရေးပူး ပေါင်းတပ်နှင့်စစ်ကောင်စီတပ်ကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်နေဆဲဖြစ်ကာ စစ်ကောင်စီဘက်မှလေ ကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် မြို့တွင်းရှိပြည်သူလူထုများ ထွက် ပြေးတိမ်းရှောင်နေကြရပြီး အချို့မှာ မြို့တွင်း၌ ကျန်ရှိပိတ်မိနေသည့် ဆွေမျိုးများကို ဆက် လက်ကယ်ထုတ်ရန် အတွက် ချိတ်ဆက် ဆက်သွယ်လုပ်၍ မရကြကြောင်း မြို့တွင်း ပိတ်မိနေသည့် မိခင်နှင့် အဆက်သွယ် ပြတ်နေ သည့် ကော့ကရိတ် မြို့ခံတစ်ဦး က ယခု လိုပြောသည်။

၎င်းက” တမြို့လုံးတော့ထွက်ပြေးကုန်ပြီး။ မြို့မှာ ဖုန်းလိုင်းအားလုံးက ရလိုက် မရလိုက်ဖြစ်တော့ တချို့က ရပ်ကွက်မှာပိတ်နေတယ်ထွက်မရဲဘူး။ ထွက်ရင်လဲအပစ်ခံထိမှာကြောက်ကြတယ်။ အိမ်မှာကျန်တဲ့ ကျနော့် အမေကိုပြန်ခေါ်ဖို့ လှိုင်ဝအထိဘဲ ကျနော်ပြန်လို့ရတယ်။ မြို့ထဲကိုဘယ်သူမှပြန်ဝင်မရဲဘူး။ ဖုန်းလိုင်းမရတော့ အခု သူဘယ်မှာရှိလဲဆက်သွယ်မရဘူး။ ထွက်မယ့်သူတချို့က သူတို့ရှိတဲ့ရပ်ကွက်ကနေ မြို့မကျောင်းအထိ တော်လှန်ရေးတပ်ဖွဲ့ဘက်က ကယ်ထုတ်ပေးတာရှိတယ်လို့ပြောတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

လက်တလော ကော့ကရိတ်မြို့အခြေအနေအရ ကော့ကရိတ်မြို့ အဝင်လမ်းတွင် စစ်ကောင်စီတပ်ဖွဲ့ များရှိ နေပြီး ကျန်တဖက်ရှိ အာရှလမ်းမနှင့်ရပ်ကွက်အချို့တွင် တော်လှန်ပူးပေါင်းတပ်ဖွဲ့များရှိသောကြောင့် မြို့ထဲဝင် လာသူများကို နှစ်ဖက်ညှပ်ကာ မှားယွင်းပစ်ခတ်နိုင်သည့်အတွက် ကယ်ဆယ်ရေးကားများမှလွှဲ၍ လူထုများ မြို့ ထဲကိုပြန်ဝင်၍ မရကြကြောင်းလည်း ကယ်ဆယ်ရေးအဖွဲ့ နှင့်နီးစပ် သူတစ်ဦးကဆိုသည်။

၎င်းက “ကော့ကရိတ်မှာဘယ်သူမှပြန်လို့မရသေးဘူး။ ထိတွေ့ပစ်ခတ်မှုတွေရှိနေတုန်းပါဘဲ။ ကယ်ဆယ်ရေး ကားတောင်မှ ကောင်းကောင်းချိတ်ထားမှဝင်လို့ရတယ်။ မြို့မှာလက်နက်ကြီးကျပြီး ထိခိုက်သေဆုံတဲ့အရပ်သား တွေလည်းရှိတယ်။ ဒါပေမယ့်အလောင်းတွေကိုဝင်သယ်လို့မရဘူး။ ရပ်ကွက်မှာကျန်တဲ့သူတချို့က နိုင်သ လောက် အလောင်းသယ်ပြီး သွားမြုပ်ပေးရတာရှိတယ်။ မြို့မှာနေတဲ့သူကလည်း ကြာရင် ရိက္ခာပြတ်သွား နိုင် တယ်”ဟု ကေအိုင်စီ သို့ ပြောသည်။

Photo: CJ

လက်ရှိ မြို့တွင်းပိတ်မိနေသူများကို ဒီဇင်ဘာလ (၁) ရက်နေ့ကစ၍ ကယ်ဆယ်ရေးအဖွဲ့ ဘက်မှ နေ့စဉ် ဆက် လက်ကယ်ထုတ်နေရဆဲဖြစ်သလို စစ်ရှောင်များသည် နီးစပ်ရာ အသိမိတ်ဆွေ၊ ဆွေမျိုးကျေးရွာ နေအိမ်များ တွင် သွားရောက်တိမ်းရှောင်ကြသူရှိသည့်အပြင် သာမည ၊ ကျောက်ကလပ်၊ သာယာကုန်း၊ ကော့ကဒါ နှင့် အခြားကျေးရွာများတွင်လည်း ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်းနှင့် ဗလီကျောင်းများတွင် စစ် ရှောင်စခန်းများ ဖွင့်လှစ်ပေးထားကြောင်းသိရသည်။

ထိုသို့ တိုက်ပွဲပြင်းထန်လာသည့် ကော့ကရိတ်မြို့တွင် စစ်ကောင်စီဘက်မှ ဒီဇင်ဘာလ ၃ရက်နေ့ က စတင်၍ ဖုန်းလိုင်းများစတင်ပိတ်ကာ အချို့ရက်များတွင် ဖုန်းလိုင်း အချို့သည် အဝင်ခေါ်ဆိုမှု ပြန်လည်ရရှိသော်လည်း အထွက်ခေါ်ဆိုမှု မရကြောင်းမြို့ခံထံမှသိရသည်။

ထို့အပြင် မြဝတီမှကော့ကရိတ်အထိ အရှလမ်းမကြီးကို ထိန်းချုပ်လိုက်ပြီးဖြစ်ကြောင်း အမျိုးသားညီညွတ်ရေး အစိုးရ-NUG၏ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၏ တောင်ပိုင်းစစ်ဒေသလက်အောက်ခံ ကျားသစ်နက် စစ်ကြောင်းက ဒီဇင်ဘာလ ၁၀ရက်နေ့တွင် သတင်းထုတ်ပြန်ပြီးနောက် စစ်ကောင်စီဘက်မှ အဆိုပါ အာရှ လမ်းမနေရာသို့ လက်နက်ကြီးလက်နက်ငယ်များနှင့် ပစ်ခတ်မှုများပိုမိုပြုလုပ်လာကြောင်း ဒေသခံများက ပြောဆိုသည်။