Home သတင်း ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းတိုက်ခိုက် သိမ်းပိုက်ခံရ၊ စစ်ကာင်စီတပ် ၁၀ ဦးခန့်သေဆုံး

ဖြူးမြို့နယ် ညောင်ပင်သာရဲစခန်းတိုက်ခိုက် သိမ်းပိုက်ခံရ၊ စစ်ကာင်စီတပ် ၁၀ ဦးခန့်သေဆုံး

925

ဒီဇင်ဘာလ ၁၃ ရက် ၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းမပေါ်ရှိ ညောင်ပင်သာရဲစခန်းကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့ နံနက် ၄ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်း တပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ တော်ဝင်ဒေါင်းစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

အဆိုပါရဲစခန်းတွင် စစ်ကောင်စီအင်အား ၆၀ ခန့် အထိုင်ချ တပ်စွဲထားပြီး KNLA ပူးပေါင်းတပ်ဖွဲ့ဘက်က အချိန် ၁ နာရီကြာ ပစ်ခတ်ရှင်းလင်းခဲ့ပြီးနောက် စခန်းကိုမီးရှို့ဖျက်စီးခဲ့ကာ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်း အများ အပြားကိုလည်း သိမ်းဆည်းရမိခဲ့သည်ဟု ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော်-BPLA ၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ လင်းလင်းက ယခုလိုပြောသည်။

“ရန်သူ ၁၀ ဦးခန့်ကျဆုံးခဲ့တာဖြစ်ပါတယ်။ ၁ နာရီဝန်းကျင်လောက်တိုက်ပွဲဖြစ်ပွားပါတယ်။ မနက် ၅ နာရီဝန်း ကျင်မှာ တိုက်ပွဲပြီးဆုံးခဲ့ပြီး ရန်သူဘက်က အထိအခိုက်အကျအဆုံးနဲ့အတူ ဆုတ်ခွာထွက်ပြေးမှုလည်း ရှိပါ တယ်။ စခန်းကိုလည်းမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ စစ်သားတွေ အကူလွတ်ပေးမယ်ဆိုပြီး ကြားပေမဲ့ ရောက်မ လာဘူး” ဟု ကေအိုင်စီသို့ပြောသည်။

အဆိုပါ ညောင်ပင်သာရဲစခန်း တိုက်ခိုက်မှုကို KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF၊BPLA အပြင် အမျိုးသားညီညွတ်ရေးအစိုးရ တောင်ပိုင်းတိုင်းစစ်ဒေသ အမှတ် ၂ တော်ဝင်ဒေါင်းစစ်ကြောင်းနှင့် အာဌာဝက စစ်ကြောင်း စသည့်ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်၌ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်ကျဆုံးမှုများရှိသလို BPLA တပ်ဘက်မှလည်း တပ်ဖွဲ့ဝင် ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁ ဦးမှာ စိုးရိမ်ရသည့် အခြေအနေတွင်ရှိနေသည်ဟု BPLA ၏ ပြောခွင့်ရ လင်းလင်း က ဆက်ပြောသည်။

စခန်းသိမ်းဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်၏ RPG ထိပ်ဖူး ၂၁ လုံး၊ RPG ပို့ယမ်း ၁၇တောင့်၊ ၉ မမကျည် ၈၀ တောင့်၊ ၆၀ မမဗုံးသီး ၂၇ လုံး၊ G2 ၁ လက်၊ G3 ၂ လက်၊ပြောင်းချော ၄ လက်၊ BA 94 ၂ ခု၊MA ၁၃ လက်၊Tear Gas Gun ၂ ခု၊ လက်ပစ်ဗုံး ၆ လုံး၊ G3 ကျည် ၂၃၁ တောင့်၊ 5.56 ကျည် ၁၄၃ တောင့်၊ လက်ထပ် ၄ ခု၊ လက်ပ်တော့ကွန်ပျူတာ တစ်လုံး၊ မျက်ရည်ယိုဗုံး ၄၆ လုံး၊ အသံဗုံး ၁လုံး ၊ ကျည်ကာ ၂ခု၊ ဦးထုပ် ၅လုံး၊ G3 ကျည်ဘောက် ၆ခုနှင့် ၉လုံးကျည် ၂၀၁ တောင့်ကို သိမ်းဆည်းရမိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ထုတ်ပြန်ထားသည်။

အလားတူ ပဲခူးတိုင်းဒေသကြီးရှိ စစ်ကောင်စီတပ်၏ ရဲစခန်း၊ဌာနဆိုင်ရာရုံးနှင့် စစ်ကောင်စီ တပ်၏ လူအင်အား ထောက်ပို့ရိက္ခာယာဉ်များကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပြောက်ကျားစနစ်ဖြင့် မကြာခဏ တိုက်ခိုက် နေကြောင်းလည်း နယ်မြေအတွင်းရှိ တော်လှန်ရေးအင်အားစုများ၏ ထုတ်ပြန်ချက်အရ သိရသည်။