Home သတင်း ဆေးရုံသွားသည့် ဝင်းလုံရွာသားနှစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်ခဲ့

ဆေးရုံသွားသည့် ဝင်းလုံရွာသားနှစ်ဦး စစ်ကောင်စီတပ် ဖမ်းဆီးနှိပ်စက်ခဲ့

842
Photo: Crd.

ဩဂုတ်လ ၃၀ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်၊ နို့တကော (ကြာအင်းဆိပ်ကြီး) မြို့နယ်၊ ကျိုက်ဒုံဆေးရုံသို့ သွားမည့်ဝင်းလုံရွာသားနှစ်ဦးကို စစ်ကောင်စီတပ်မှ ပြီးခဲ့သည့် ဩဂုတ်လ ၂၂ရက်နေ့တွင် ဖမ်းဆီးနှိပ်စက်မှုများလုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ဝင်းလုံရွာသားနှစ်ဦးသည် ကျိုက်ဒုံဆေးရုံသို့ ထမင်းသွားပို့ရန် လမ်းခုလပ်တွင် စစ်ကောင်စီတပ်မှ ခေါ် ယူဖမ်းဆီးပြီး နှိပ်စက်ခြင်းခံခဲ့ရခြင်းဖြစ်ကြောင်း အမည်မဖော်လိုသူ ကျိုက်ဒုံမြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ဝင်းလုံကနေ ကျိုက်ဒုံဆေးရုံကို လူနာအတွက်ထမင်းသွားပို့ဖို့ စစ်ကောင်စီရှိတဲ့ လမ်းမှာသွားတော့ စစ်ကောင်စီတပ်က သူတို့နှစ်ဦးကိုဖမ်းပြီး ရိုက်ရင်းစစ်ဆေးမေးမြန်းရင်းလုပ်တယ်။ ည ၈ နာရီမှပြန်လွှတ်ပေးတယ်”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးလိုက်သည့် ဝင်းလုံရွာသားနှစ်ဦးမှာ ထောက်လှမ်းရေးဟု စွပ်စွဲပြောဆိုပြီး အမျိုးမျိုးရိုက်နှက်နှိပ်စက်‌ကာ ညနေ ၅နာရီမှ စတင်ဖမ်းဆီးစစ်ဆေးနှိပ်စက်ပြီး ည ၈ နာရီတွင် ပြန်လွှတ်ပေးကြောင်း ဒေသခံများထံမှ သိရသည်။

ထိုသို့ ဖမ်းဆီးနှိပ်စက်ခံရမှုကြောင့် ဝင်းလုံဒေသခံ ရွာသားနှစ်ဦးမှာ ခန္ဓာကိုယ်တစ်ခုလုံးနီးပါးညိုမဲစွဲသွားပြီး အတွင်းဒဏ်ရာများပါ ရရှိသွားနိုင်ကြောင်း ဒေသခံများက ဆိုသည်။

ယင်းဝင်းလုံရွာသားနှစ်ဦးဖမ်းဆီးနှိပ်စက်သည့် စစ်ကောင်စီတပ်သည် ကျိုက်ဒုံမြို့အခြေစိုက် စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်(စကခ-၁၃)လက်အောက်ခံ နည်ဗျူဟာမှူး (နဗဟ-၂ မှူး) သော်ဇင်နိုင်ဦးဆောင်သည့် အဖွဲ့ဖြစ်ကြောင်းနှင့် အဆိုပါအဖွဲ့သည် အပြစ်မဲ့ပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ခြင်း၊ လက်နက်ကြီးများဖြင့် အရပ်သားကျေးရွာများကို ရမ်းသမ်းပစ်ခတ်ခြင်း စသည့်လူ့အခွင့်အရေးချိုး ဖောက် မှုများအား မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်း ကေအဲန်ယူ-ဒူးပလာယာခရိုင်က ဩဂုတ်လ ၂၇ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။