သြဂုတ်လ ၂၄ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီ−ကော့ကရိတ်လမ်းပိုင်းတွင် စစ်ဆေးမှုပြုလုပ်နေသည့် ကျားဖြူတပ်ခွဲ (၄)၏ အဖွဲ့ အစည်းနာမည်ကိုအသုံးပြုပြီး အလှူခံမှုများရှိသောကြောင့် ဒေသခံပြည်သူများအနေဖြင့် သတိထားကြရန် ကျားဖြူတပ်ခွဲ−၄ က ယမန်နေ့က သတိပေးထုတ်ပြန်ထားသည်။
အဆိုပါ ကျားဖြူစစ်ကြောင်းလက်အောက်ရှိ ကျားဖြူတပ်ခွဲ (၄)ရဲဘော်များ၏ လှုပ်ရှားသည့် ဓါတ်ပုံများနှင့် ရုပ်သံဗီဒီယိုဖိုင်များကိုအသုံးပြု၍ ပြည်သူများထံမှ အလှူငွေလိမ်လည်ကောက်ခံနေသည့်သူများ ရှိနေသော ကြောင့် ပြည်တွင်းအပြင် ပြည်ပရောက် မြန်မာလူထုများအနေဖြင့် သတိထား ကူညီလှူဒါန်းမှုများ ပြုလုပ်ကြရန် ကျားဖြူတပ်ခွဲ−၄၏ တိုက်ခိုက်ရေးနှင့် သတင်းပြန်ကြားရေး ရဲဘော် AKM က ယခုလိုပြောသည်။
“ကျနော်တို့ရဲ့ တပ်ခွဲပုံရိပ်တွေကိုသုံးပြီး လူထုဆီကနေ အလှူခံတယ်။ တချို့မသိလို့ လှူလိုက်တဲ့ သူတွေလည်းရှိ တယ်လို့ ကျနော်တို့လူထုဆီက ပြန်သိရတယ်။ ကျနော်တို့ Page မှာ တခါတလေကျရင် တင်ထားတဲ့ ဗီဒီယိုဖိုင် တွေကို တော်လှန်ရေးကလူတွေအတွက်ဆိုပြီး ကိုယ်တွေမသိအောင် ပြည်တွင်းကနေဖြစ်စေ ပြည်ပကနေဖြစ်စေ အလှူခံနေတာ တွေရှိတဲ့အတွက် ကိုယ်တွေဆီမရောက်တော့ လူထုနစ်နာတာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။
ထိုသို့ တော်လှန်ရေးအဖွဲ့အစည်းများကို ကူညီလှူဒါန်းမှုများ ပြုလုပ်ချင်ပါက ၎င်းတို့၏ သက်ဆိုင်ရာ စစ်ကြောင်း များ၊ တပ်ရင်း၊ တပ်ခွဲများ၏ လူမှုကွန်ယက် Facebook စာမျက်နှာများကို တိုက်ရိုက်ဆက်သွယ်ကူညီလှူဒါန်းကြ ရန်လည်း ကျားဖြူတပ်ခွဲက အသိပေးဖော်ပြထားသည်။
ထို့အပြင် လှူဒါန်းကြသည့် ပြည်သူများအနေဖြင့််လည်း လာရောက်အလှူခံသည့်လူနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့-PDF အယောင်ဆောင်များကို အထူးသတိပြုကြရန်လည်း ကျားဖြူတပ်ခွဲက ဆက်လက်သတိပေး ပြောဆိုထားသည်။
ပြီးခဲ့သည့် ဩဂုတ်လ ၁၉ ရက်နေ့မှစ၍ မြဝတီ−ကော့ကရိတ်လမ်းမကြီးပေါ်ရှိ ယာဉ်သွားယာဉ်လာများကို အချိန်အကန့်အသတ်ဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း ကျားဖြူ တပ်ခွဲ−၄ က သတင်းထုတ် ပြန်ထား သေးသည်။
အလားတူ ကျားဖြူတပ်ခွဲ-၄ သည် မြဝတီ−ကော့ကရိတ်လမ်းမကြီးလမ်းပိုင်းတွင်သာမက အခြားသောလမ်း ပိုင်းတွင်လည်း နယ်မြေလုံခြုံရေးအရ စစ်ကောင်စီတပ်ဘက်မှ အရပ်သားပြည်သူကားများကို အသုံံးပြု၍ ရိက္ခာ လက်နက်ခဲယမ်းသယ်ဆောင်ခြင်း၊ အသွားအလာပြုလုပ်နေသည့် ယာဉ်များကို စစ်ဆေးမှုပြုလုပ်နေသည့် တပ်ခွဲတစ်ခုလည်း ဖြစ်သည်။



















