Home သတင်း လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာသည့် BGF တပ်ဖွဲ့ဝင်ကို ဆုငွေချီးမြှင့်

လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းခိုလှုံလာသည့် BGF တပ်ဖွဲ့ဝင်ကို ဆုငွေချီးမြှင့်

863

ဩဂုတ်လ ၂၄ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ဒူးပလာယာခရိုင်၊ တပ်မဟာ(၆)နယ်မြေရှိ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကော်ဘရာစစ်ကြောင်းထံသို့ အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF)-တပ်နယ်(၂)မှ တပ်သားတစ်ဦးသည် လက်နက်ခဲယမ်း အပြည့်အစုံဖြင့် လာရောက်အလင်းဝင်ပူးပေါင်းခဲ့ကြောင်း ကေအဲန်ယူဗဟိုက ယမန်နေ့က ထုတ်ပြန် ချက်ထားသည်။

စစ်ကောင်စီ၏ မတရားဖိနှိပ်ချုပ်ခြယ်သည့်စနစ်ကိုမနှစ်သက်သောကြောင့် ပြီးခဲ့သည့် ဩဂုတ်လ (၁၇)ရက်နေ့တွင် တပ်သားအောင်ကိုဦး အသက်(၃၆)နှစ်သည် M16-A1(၁)လက်၊ ကျည် ဘောက်(၅)ဘောက် နှင့် ၅.၅၆ ကျည်ထောင့် (၁၅၀)တောင့်ကို ယူဆောင်ကာ (KNLA) ကော်ဘရာစစ်ကြောင်းထံသို့ လာရောက် ပူးပေါင်းခဲ့ကြောင်းဟု KNU ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုလို KNLA)-ပူးပေါင်းတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်းနှင့်အတူလာရောက် အလင်းဝင်ခဲ့ခြင်းကြောင့် ကော်ဘရာစစ်ကြောင်း စစ်ဆင်ရေးမှူး ဗိုလ်ဒါဘောမှ ဆုတော်ငွေအဖြစ် ထိုင်းဘတ်ငွေငါးသောင်း (၅၀,၀၀၀) တိတိ ချီးမြှင့်ခဲ့ကြောင်း ကေအဲန်ယူဗဟို ထုတ်ပြန်ချက်တွင် ဖော်ပြထားချက်အရ သိရသည်။

အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ်သည် ဇူလိုင်လ ၂၁ ရက်နေ့က ၎င်းတို့ ဆုံးရှုံးခဲ့ရသော မြဝတီ မြို့ပြင်ရှိ လက်ခတ်တောင်စခန်း ပြန်လည်ရရှိရေးအတွက် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်မှ စတင်၍ ယနေ့ထိတိုင် တစ်လကျော်အကြာ လက်နက်ကြီး၊ လေကြောင်းပစ်ကူများဖြင့် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း အရာရှိအပါအဝင် ထိခိုက်ကျဆုံးမှုများပြားခဲ့ရပြီး ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဘက်က ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၁)ရက်နေ့ကလည်း စစ်ကောင်စီ၏ တပ်မ−၄၄လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ−၁၁၈) မှ ဒု-တပ်ကြပ် ဇော်မျိုးခိုင်နှင့် တပ်သား အောင်မျိုးဇော်တို့နှစ်ဦးသည် KNLA ကော်ဘရာစစ် ကြောင်းထံ လက်နက်ခဲယမ်းနှင့်အတူ ဘက်ပြောင်းဝင်ရောက်လာခဲ့သေးကြောင်း ကေအဲန်ယူဗဟို၏ ဖော်ပြချက်အရ သိရသည်။