ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုနှင့်ဒီးမေ့ာဆိုမြို့နယ်ရှိ ကိုယ်ထူကိုယ်ထ စစ်ရှောင်စာသင်ကျောင်းအများစုသည် လုံခြုံရေးအခြေအနေကြောင့် ယာယီပိတ်ထားရသည်မှာ လပိုင်းအထိကြာမြင့်လာပြီဖြစ်ကြောင်း စစ်ဘေးရှောင်များ၏ ပြောပြချက်အရ သိရသည်။
တိုက်ပွဲများပြင်းထန်နေသည့် ဖရူဆိုမြို့နယ်တွင် စစ်ဘေးရှောင်ကလေးများ ပညာ ရေးအတွက် ကိုယ်ထူကိုယ်ထအားဖြင့် ဖွင့်လှစ်ထားသော စာသင်ကျောင်းအများစု ပိတ်ထားရသည်မှာ တစ်လကျော်ကြာမြင့်လာပြီး ပြီးခဲ့သည့်အပတ်အတွင်း ပြန်ဖွင့်သော အချို့စာသင်ကျောင်းများလည်း လေယာဉ်များအမြဲ လာရောက်ပျံဝဲခြင်းကြောင့် လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း မြို့ခံတစ်ဦးက ပြောသည်။
၎င်းက “ပြီးခဲ့တဲ့တစ်လ ကျော်ကျော်ကတော့ကျောင်းတွေအားလုံး ပိတ်ထားရတယ်။ ဒီတစ်ပတ်နှစ်ပတ်လောက်မှာ တစ်ကျောင်း၊ နှစ်ကျောင်းပြန်ဖွင့်တာရှိတယ်။ ခုနက လေယာဉ်တွေလာဝဲလို့ ကလေးတွေအကုန်လုံးပြန်ပြေးရတယ်။ စာသင်ကျောင်း တွေပြန်ဖွင့်ချင်ပေမဲ့ ပြန်ဖွင့်လို့မရဲဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
ဖရူဆိုနှင့်ဒီးမေ့ာဆိုမြို့နယ်တို့တွင် စစ်ကောင်စီတပ်မှ လေယာဉ်ဖြင့် မကြာခဏလာရောက်ဗုံးကြဲတိုက်ခိုက်သဖြင့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေးစိုးရိမ်ရမှုကြောင့် ကျောင်းများပိတ်ထားလိုက်ရခြင်းဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့-KnHRG ၏ ပြောဆိုမှုအရ သိရသည်။
KnHRG ၏ ဒါရိုက်တာကိုဗညားက”စစ်ကောင်စီက ကျောင်းတွေ ဖွင့်ရင်ဗုံးကြဲမယ်။ တစ်ချို့ရွာတွေဆိုဗုံးကြဲပြတယ်ဆိုတဲ့ခြိမ်းခြောက်မှုမျိုးတွေအမြဲလုပ်တယ်။ မနေ့တစ်နေ့ကလည်း လာကြဲတယ်။ အခုမိနစ်ပိုင်းမှာလည်း လာကြဲတယ်။ ဒီလိုလုပ်တော့ကျောင်းသားမိဘတွေ စိုးရိမ်ကြတယ်။ ကျောင်းတွေဆက်ဖွင့်ဖို့ကတော့ အခက်အခဲရှိတယ်”ဟု ယမန်နေ့က ပြောသည်။
လက်ရှိတွင် ကရင်နီပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် တိုက်ပွဲများဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ သွားလာရေးလမ်းကြောင်းများ ပိတ်ဆို့ထားသဖြင့် ကျောင်းနေ အရွယ်ကလေးများ ပညာသင်ယူနိုင်မှုဆုံးရှုံးသည့်အပြင် ဒေသတွင်း ကုန်စည်စီး ဆင်းမှု အခက်အခဲကြောင့် စစ်ရှောင်ပြည်သူများ၏ အသက်ရှင်သန်နိုင် ရေးအတွက် စားနပ်ရိက္ခာရရှိမှု အခက်အခဲရှိကြောင်း ဒေသတွင်းသတင်းအရင်း အမြစ်များထံမှ သိရသည်။
ထို့အပြင် စစ်ဘေးကြောင့် အသက်မွေးဝမ်းကျောင်းမှု မလုပ်ကိုင်နိုင်သည့်အတွက် စစ်ရှောင်ပြည်သူများ၏ လူမှုဘဝရပ်တည်ရေးပါ ထိခိုက်လာသလို စစ်ရှောင်ကာလရှည်ကြာလာသည်တွင် ပြည်တွင်းမှ စားနပ် ရိက္ခာထောက်ပံ့မှု ခဲယဉ်းသဖြင့် နိုင်ငံတကာ၏ အကူအညီ ပိုမိုရရှိရေးမျှော်လင့်နေရကြောင်း ကရင်နီအရပ်ဘက်စစ်ရှောင် ကူညီရေးအဖွဲ့များက တောင်းဆိုထားသည်။



















