Home သတင်း ကျောက်တံခါးတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း တပ်စွဲနေထိုင်ပြီး မိုင်းများ ထောင်ထား

ကျောက်တံခါးတွင် စစ်ကောင်စီတပ်က ကျေးရွာအတွင်း တပ်စွဲနေထိုင်ပြီး မိုင်းများ ထောင်ထား

976

ဩဂုတ်လ ၂၃ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့ နယ်အတွင်း ပြီးခဲ့သည့် ဇူလိုင်လက တိုက်ပွဲများပြင်းထန်ခဲ့ပြီးနောက် အချို့ကျေးရွာများတွင် စစ်ကောင်စီက ဝင်ရောက်တပ်စွဲနေထိုင်နေပြီး နင်းမိုင်းများလည်းထောင်ထားလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က သမင်အင်းကုန်း၊ နံဇ၊ ဘန့်‌ဘွေးကုန်း အစရှိသည့်ကျေးရွာများအတွင်း ဝင်ရောက် တပ်စွဲ‌နေထိုင်ပြီး နင်းမိုင်းများ ထောင်ထားခြင်းဖြစ်သည်ဟု ညောင်လေးပင်ခရိုင် အရေးပေါ်ကူညီရေးအဖွဲ့တာဝန်ရှိသူတစ်ဦးက ပြောသည်။

၎င်းက” KNU လက်အောက်ခံတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ ဖြစ်တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ထိခိုက်မှုများတော့ အဲ့ဒီအနီးအနားက ကျေးရွာတွေကို ဖျက်ဆီးတာတွေ လုပ်တယ်။ ရွာတွေထဲမှာ နင်းမိုင်းတွေထောင်တာရှိတယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် လက်ရှိအချိန်ထိ အဆိုပါကျေးရွာများအတွင်း နင်းမိုင်းအပြင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်းအန္တရာယ်များကြောင့် အထက်ပါကျေးရွာများမှ စစ်ဘေးရှောင်ဒေသခံများမှာ ယခုအချိန်အထိ နေရပ်ပြန်နေထိုင်ရန်မရဲသေးကြောင်း ဒေသခံများ၏ ပြောဆိုမှုအရ သိရသည်။

အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးက “အဲ့ဒီရွာသားတွေ ရွာမှာပြန် နေလို့မရဲသေးဘူး။ စစ်တပ်ကလည်း ရွာမှာတပ်စွဲထားပြီး မိုင်း‌ထောင်ထားတဲ့အပြင်ကို လက်နက်ကြီးတွေအမြဲပစ်တယ်။ လေယာဉ်နဲ့လည်းလာပစ်တော့ပြန်နေလို့မရဲကြဘူး”ဟု ပြောသည်။

ထိုသို့ နင်းမိုင်းနှင့် ပစ်ခတ်မှုများအကြား ထိခိုက်သေဆုံးရသော ဒေသခံများလည်းရှိနေသည်ဟု အဆိုပါဒေသခံက ဆက်လက် ပြောဆိုသည်။

ကရင်အမျိုးသားအစည်းအရုံး-‌ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊ ညောင်လေးပင်ခရိုင် ကျောက်တံခါးမြို့နယ်နှင့်‌ကျောက်ကြီးမြို့နယ်အတွင်းတွင် စစ်ကောင်စီအာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ မေလ‌ နောက်ပိုင်း စစ်ကောင်စီတပ်၏ အရပ်သားပြည်သူများနေထိုင်သည့် ကျေးရွာများအတွင်း လက်နက်ကြီး ပစ်ခတ်ခြင်းများဆက်တိုက်လုပ်ဆောင်လာသောကြောင့် ဒေသခံအများအပြား နေအိမ်စွန့်ခွာတိမ်းရှောင်ခဲ့ရသည်။ ၎င်းတို့အနက် စစ်ဘေးရှောင်ပြည်သူ တစ်သောင်းဝန်းကျင်သည် လက်ရှိအချိန်ထိ နေရပ်ပြန်လည်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း အရေးပေါ်ကူညီရေးအဖွဲ့ထံမှသိရသည်။