ဩဂုတ်လ ၁၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ဩဂုတ်လ(၈)ရက်နေ့က မိုးများပြီး တောင်ကျရေတိုက်စားမှုဖြစ်ပွားခဲ့သဖြင့် ပရေကျေထတောင်တက်လမ်းနှင့် ပရေကျေထရွာနှင့်ရှမ်းရွာသစ်ကူးသော တံတားတစ်စင်းပြိုကျပျက်စီး သွားသောကြောင့် ပရေကျေထရွာ အနီးအနားရှိ ကျေးရွာများမှ ဒေသခံများ သွားလာရေး အခက်အခဲဖြစ်နေသည်ဟု သိရသည်။
ပျက်စီးသွားသော လမ်းနှင့်တံတားကို ပရေကျေထရွာ၊ ရှမ်းရွာသစ်၊ ပေါဘောခီးရွာနှင့် မယ်ကတောခီးရွာစသော ကျေးရွာများမှ ဒေသခံများသည် ၎င်းလမ်းတံတားကိုသာ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့ကို ပြုလုပ် နေရပြီး ယခုလိုပျက်စီးသွားသောကြောင့် ကျေးရွာအတွင်းဒေသခံပြည်သူလူထုများ သွားလာရေးနှင့် သယ်ယူပို့ဆောင်ရေး အခက်တွေ့နေရသည်ဟု ဒေသခံများက ပြောသည်။
ပရေကျေထရွာသားတစ်ဦးက “လမ်းပျက်စီးတော့ အခုသွားလာရေးအခက်အခဲဖြစ်သွားတယ်။ ဈေးဝယ်စရာ ရှိရင် ပျက်စီးနေတဲ့ လမ်းဘေးကနေ ကြောက်ကြောက်နဲ့သွားနေရတယ်။ တောင်ကျရေကအတော်ပြင်းတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
တောင်ကျရေ တိုက်စားမှုကြောင့် လမ်းနှင့်တံတားပျက်စီးသွားသလို ကားလမ်းဘေးနားရှိ မြေသားများမှာလည်း ဆက်လက် ပြိုကျနေသောကြောင့် မော်တော်ကားများသွားလာရန် အန္တရာယ်ရှိနေသည်ဟုလည်း ၎င်းက ဒေသခံ က ဆက်လက်ပြောကြားသည်။
“ဒီလမ်းက မနှစ်ကတည်းက သတိပေးထားတာ၊ အခုကအခြေအနေအတော်ဆိုးတယ်။ တောင်တက် လမ်းနှင့်ဂိတ်အရှေ့က တစ်လမ်းလုံးပြင်ရမယ်။ ကားတွေသွားလာဖို့ အရမ်းအန္တရာယ်များတယ်”ဟု နယ်မြေခံ ကေအဲန်ယူ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ကရင်ပြည်နယ်ရှိ၊ မြို့နယ်ဒေသများတွင် ယခုလအတွင်း မိုးရွာသွန်းမှုများကာ တောင်ကျရေ အကျများ သောကြောင့် ရေကြီး ရေလျှံမှုများဖြစ်ပြီး ပျိုးစပါးများ ပျက်စီးခြင်း၊ လမ်းတံတားများပျက်စီးခြင်းတို့ကို နေရာ အနှံ့ဖြစ်ပွားလျက်ရှိသည်။ ထို့ကြောင့် ခရီးသွားပြည်သူများ၊ ကုန်ပစ္စည်းပို့ဆောင်ရေးနှင့် ဒေသခံပြည်သူလူထုများ သွားလာရေး အခက်အခဲများစွာ ကြုံတွေ့ရသည်ဟု သိရသည်။



















