ဩဂုတ်လ ၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ အနောက်မြောက်ဘက် မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုနှင့် မယ်လအူးဒုက္ခသည်စခန်း ၂ ခုတွင် ပြီးခဲ့ သည့် ဩဂုတ်လ(၁)ရက်နေ့က ဖြစ်ပွားသည့် ရေကြီးမြေပြိုမှုဖြစ်စဉ်ကြောင့် စုစုပေါင်း လူနေအိမ် အလုံး ၁၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
တောင်ကျချောင်းရေစီးဆင်းမှုမှတစ်ဆင့် ဖြစ်ပွားသော မယ်ရာမိုဒုက္ခသည်စခန်းတွင်း ရေကြီးရေလွှမ်းမိုးမှုတွင် လူနေအိမ် ၁၅ လုံးရေထဲမျှောပါပျက်စီးသွားပြီး ၄၅ လုံးထိခိုက်ပျက်စီးခဲ့ရသလို မယ်လအူးဒုက္ခသည်စခန်း မြေပြိုမှုတွင် လူနေအိမ် ၄လုံး မြေပြိုမှုအထဲတွင်ပါသွားကာ ၄၁ လုံး ထိခိုက်ပျက်စီးခဲ့သည်ဟု ကရင်ဒုက္ခသည်များကော်မတီ-KRC ထံမှ သိ ရသည်။
KRC ဥက္ကဋ္ဌ စောရောဘတ်ထွေးက “ မယ်ရာမိုက တချို့က သူတို့ဆွေမျိုးမိတ်ဆွေအိမ်မှာ သွားနေကြတာရသေး တယ်။ မယ်လအူးကမြေပြိုတော့ အိမ်တွေပျက်တဲ့အပြင် ရပ်ကွက် ၁၊ ၂၊ ၃၊ ၄ တစ်လျှောက်က မြေပြိုတော့ လူတွေပြောင်းရွှေ့ရတယ်။ အဲဒီဒုက္ခသည်စခန်းတွေက အခုရိက္ခာပို့ဆောင်ဖို့ ခက်ခဲတယ်။ မယ်ရာမိုက ကားကြီးနဲ့တဝက်သွားလို့ရတယ်။ မယ်လအူးက လုံးဝကိုကားနဲ့သွားလို့မရဘူးဖြစ်တယ်။ ရိက္ခာရောက်ဖို့က အချိန် တစ်ရက်နှစ်ရက်စောင့်ရအုံးမယ်“ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိအချိန်တွင် အဆိုပါစခန်းများရှိ ချောင်းဖြတ်ကူးသည့် လမ်းတံတားအများအပြား ပျက်စီးသွားသောကြောင့် ရေဘေးသင့် ဒုက္ခသည်စခန်းနေထိုင်သူများသည် စားနပ်ရိက္ခာအကူအညီရရှိရန် အခက်အခဲရှိသည့်အပြင် တံတား များပျက်စီးသည့်အတွက် ဖြတ်ကူးသွားလာမရတော့၍ စခန်းရှိ စာသင်ကျောင်းများ ပိတ်ထားလိုက်ရကြောင်း ဒုက္ခသည်များကို ကူညီဆောင်ရွက်ပေးနေသည့် ကရင်အမျိုးသမီးအစည်းအရုံး -KWOက ပြောသည်။
“ ပြန်လည်ထူထောင်ရေးအပိုင်းက ပြောဆိုဆွေးနွေးနေဆဲပဲဖြစ်တယ်။ အခုကတံတားတွေ လမ်းတွေပျက်တော့ သွားလာလို့မရဘူး။ အရေးကြီးဆုံးက အစားအသောက်ပေါ့နော်။ ဒုက္ခသည်စခန်းမှာက Food Cardနဲ့ ဝယ်စား တယ်။ တစ်လစာ တစ်လစာအတွက်ပဲ ဝယ်တယ်။ ရေကြီးတော့ သူတို့ရိက္ခာတွေ အကုန်ပျက်စီးသွားတယ်။ လော လောဆယ်တော့ သူတို့မှာရှိတာတွေနဲ့ ဝေစားမျှစားရတယ်ပေါ့နော်။ အိမ်တွေကပျက်တော့ ပြန်ပြင်ဖို့ အတွက်လည်း လိုတယ်” ဟု KWO ဥက္ကဋ္ဌဖြစ်သူ နော်ကညောဖောက ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ပြန်လည်ထူထောင်ရေးလုပ်ငန်းနှင့်ပတ်သက်၍ အမြန်ဆုံးစတင်လုပ်ဆောင်ရန်လိုအပ်သည့်အပြင် ရေဘေးသင့် ပြည်သူများ စာသင်ကျောင်းတွင် ခိုလှုံနေကြရသည့်အတွက် လူနေအိမ် အဆောက်အဦးများပြန်လည်ပြင်ဆင်မှု မပြီးစီးပါက စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရန် အခက်အခဲရှိကြောင်းလည်း နော်ကညောဖောက ဆက်ပြောသည်။
အဆိုပါ ရေကြီး၊ မြေပြိုမှုဖြစ်စဉ်အတွင် လူအသေအပျောက် တစ်စုံတစ်ရာမရှိသော်လည်း လက်ရှိတွင် ၎င်းဒုက္ခ သည်စခန်း၂ ခု၌ ဖုန်းလိုင်း၊ အင်တာနက်လိုင်းများပြတ်တောက်သည့်အတွက် ဆက်သွယ်ရေး အခက် အခဲရှိသည်ဟု KRC က ပြောသည်။
မယ်လအူး ဒုက္ခသည်စခန်းတွင် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်စက်တင်ဘာလတွင်လည်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အလားတူမြေပြိုမှုဖြစ်ပွားခဲ့၍ လူ ၈ဦး သေဆုံးပြီး ၁၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့သေးသည်။
ယခုရက်ပိုင်းအတွင်း ထိုင်း-မြန်မာနယ်စပ်တစ်လျှောက်တွင် မိုးအဆက်မပြတ်ရွာသွန်းသည့်အတွက် သောင် ရင်းမြစ်နှင့် သံလွင်မြစ်ရေးများလျှံတက်ကာ မြစ်နှင့်နီးသည့် မြေနိမ့်ပိုင်းနေရာများတွင် ရေလွှမ်းမိုးမှုများဖြစ်ပွား သည့်အပြင် နေရာအချို့လည်း မြေပြိုမှုများဖြစ်ပွားလျက်ရှိသည်ဟု သိရသည်။



















