ဩဂုတ်လ ၇ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ် ပတကျေးရွာအုပ်စု နောင်ထရဲကျေးရွာတွင် သြဂုတ်လ ၄ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် နေအိမ်များပျက်စီးသွားခဲ့သည့် ဒေသခံရွာသားများသည် လက်ရှိတွင် နေရေးထိုင်ရေးနှင့် စားရေးသောက်ရေးအတွက် အကူအညီလိုအပ်နေသည်ဟု သိရသည်။
၎င်းပတကျေးရွာအုပ်ရှိ နောင်ထရဲကျေးရွာတွင် မိုးသက်လေပြင်းကျရောက်မှုကြောင့် လူနေအိမ် (၁၅)လုံး ထိခိုက်ပျက်စီးမှုရှိခဲ့ပြီး အိမ်မွေးတိရစ္ဆာန်များလည်း အသက်သေဆုံးမှုရှိခဲ့သည်ဟု ကျေးရွာသားများက ပြောသည်။
ရွာသားတစ်ဦးက “အခု ကျနော်တို့ဘက်မှာ ဖြစ်သွားတဲ့ လေတိုက်နှုန်းအရှိန်က တော်တော်ပြင်းတယ်။ သစ်ပင်ကြီးတွေတောင် လှဲသွားတယ်။ နောက်ပြီး နွား ၄ ကောင် ဆုံးရှုံးရတယ်။ အခု ကျနော်တို့ အိမ်တွေကတော့ အမိုးတွေမရှိတော့ဘူး။ မိုးရေထဲမှာနေ နေရတယ်။ အခုအမိုးတွေ အရေးပေါ် တော်တော်လိုအပ်နေတယ်”ဟု ပြောသည်။

မိုးသက်လေပြင်းကြောင့် ထိခိုက်ပျက်စီးသွားသော နေအိမ်အမိုးများကို ပြန်လည်ပြုပြင်ရန် ငွေကြေး မတတ်နိုင်သဖြင့် မိုးရေထဲတွင်သာ တာလပတ်များနှင့်အုပ်ပြီး နေထိုင်နေကြရသည်ဟု အဆိုပါ ရွာသားက ဆက်ပြောသည်။
လက်ရှိ ပတကျေးရွာအုပ်စုတွင် ရေကြီးနေသောကြောင့် ကားလမ်းရေလျှံကာ သွားလာရေး ပြတ်တောက်နေပြီး သွားရောက်ကူညီမှုပေးရန်အတွက် အခက်အခဲရှိနေသည်ဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်သူများက ပြောသည်။
အလားတူ ပိုင်ကျုံချောင်းဘေးနားကြီး ရပ်ကွက်များတွင်လည်း ရေကြီးမှုရေလျှံမှုများ ကြုံနေရပြီး မိုးများဆက်တိုက်ရွာသွန်း၍ ရေကျဆင်းမှုမရှိသောကြောင့် ဒေသခံပြည်သူများ စားဝတ်နေရေးနှင့် နေထိုင်ရေးအခက်အခဲဖြစ်နေသည်ဟု ရပ်ကွက်နေထိုင်သူများက ပြောဆိုသည်။




















