ဩဂုတ် ၇ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် တောင်မှမြောက်သို့ စီးဆင်းနေသည့် ဇမိမြစ် ရေသည် ဇူလိုင် ၁၇ ရက်နေ့မှစပြီး ဩဂုတ် ၆ ရက်နေ့အထိ မိုးသည်းထန်ရွာ သွန်းသည့် အတွက် လူနေအိမ်ရပ်ကွက်များတွင် ရေလျှံတက်လာနေပြီး ကြာအင်းဆိပ်ကြီးမြို့ခံလူထု ၆ဝဝ နီးပါးရေဘေးရှောင်နေကြရသည်ဟု ဒေသခံများထံမှ သိရသည်။
ဇမိမြစ်၏ ရေမှတ် ၃ဝ လက်မကျော်အထိရောက်ရှိလာနေပြီး စိုးရိမ်ရေမှတ်ရောက်ရှိရန် ၄ လက်မသာကျန်တော့သည့်အတွက် မြို့နှင့်ရွာများကြား ဆက်သွယ်ထားသည့် ဆိပ်ကမ်း ရှိစက်လှေကြီးများ ကမ်းကပ်၍မရတော့၍ ဒေသထွက်ကုန်စည်များလည်း ရောင်းချပို့ဆောင်ရန် ခက်ခဲနေကြသည်ဟု မြို့ခံလူထုများထံမှ သိရသည်။
“ မြို့ပေါ်ရပ်ကွက် ၆ ဆို ရေမြှုပ်တယ်။ ကတိုးဆိပ်ကမ်းက စက်ကြီးလည်း ကမ်းကပ် မရတော့ သွားလာခက်ခဲနေကြတယ်။ ရေဘေးရှောင်တဲ့လူထုတွေကိုတော့ မြို့ပေါ် အာဏာပိုင်တွေက ဆန်တွေပိုက်ဆံတွေပေးတယ်။ သာမန် အခြေခံလူ တန်းစားတွေဆိုတော့ အစစရာရာခက်ခဲကြတယ်။ မာရှယ်လောလည်းရှိတော့ အရင်ကလို လာရောက်ကူညီသူတွေ သိပ်မရှိတော့ဘူး” ဟု ကြာအင်းဆိပ်ကြီးမြို့ ရေဘေးရှောင် လူထုတစ်ဦးက ယနေ့ ဩဂုတ် ၇ ရက်တွင် ကေအိုင်စီ သို့ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့ ဆိုင်ကလုန်းအဆောက်အဦးနေရာတွင် အိမ်ထောင်စု ၆၉ စုနှင့် လူဦးရေ ၂၈၅ ဦး ရေဘေးရှောင်နေကြပြီး မူကြိုကျောင်း၊ ဗိုလ်တဲနေရာနှင့် မိခင်နှင့် ကလေးအဆောက်အဦးနေရာတွင်လည်း အိမ်ထောင်စု ၈၇ စုနှင့် လူဦးရေ ၂၇၆ ဦး ရှောင်နေကြရသည်ဟု ကြာအင်းဆိပ်ကြီးမြို့ လူမှုကယ်ဆယ်ရေးအဖွဲ့ များထံမှ သိရသည်။
ကြာအင်ဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင် ၁၇ ရက်နေ့မှစ၍ ယနေ့ဩဂုတ်လ ၇ ရက်နေ့အထိ မိုးအဆက်မပြတ်ရွာသွန်းနေသည့်အတွက် ဝင်းရော်မြစ်၊ ဇမိမြစ်ရေများ လျှံတက်လာပြီး မြစ်ချောင်းများနှင့် နီးစပ်သည့် ကျေးရွာများနှင့် ရွာချင်း ဆက်လမ်မများတွင် ရေလျှံတက်လာနေသည့်အတွက် သွားလာရေးခက်ခဲနေလျက် ရှိသည်ဟု ဒေသခံရွာသားများထံမှ သိရသည်။
မိုးရွာသွန်းမှုကြောင့် ကရင်ပြည်နယ်တွင် ဖားအံ၊ လှိုင်းဘွဲ၊ မြဝတီနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များတွင် ရေကြီးရေလျှံမှုဖြစ်ပွားနေပြီး မွေးမြူရေး လုပ်ငန်းများနှင့် လယ်ယာလုပ်ငန်းများ ထိခိုက်ပျက်စီးမှုရှိသည်ဟု လူမှုကယ်ဆယ်ရေးအဖွဲ့များထံမှ သိရသည်။




















