ဩဂုတ်လ ၇ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ သံတောင်မြို့(၁၃ မိုင်)တွင် ယမန်နေ့ ဩဂုလ်လ ၆ ရက်နေ့က ဘွဲကရင်ကျွမ်းကျင် ပညာရှင်အငြိမ်းစားကျောင်းဆရာမကြီး အဖီးနော်လဲဒါနေအိမ်အပါအဝင် လူနေအိမ် (၆)လုံးခန့်ကို စစ်ကောင်စီ တပ်က မီးရှို့ဖျက်ဆီးမှု လုပ်ဆောင်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
ယမန်နေ့ နေလည်အချိန်ခန့်တွင် တောင်ငူမြို့မှတစ်ဆင့် စစ်ကောင်စီတပ်စစ်ကြောင်းထိုးတက်လာပြီး နောက် ညနေ ၄ နာရီအချိန်ခန့်တွင် သံတောင်မြို့ရှိ လမ်းဘေးနားတွင်ရှိသည့် လူနေအိမ်အချို့ကို မီးရှို့သည့်အပြင် ဥယျာဉ်ခြံထဲရှိ ဆရာမအဖီးနော်လဲဒါအိမ်ကြီးကိုပါ ဝင်ရောက်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ဆရာမကြီး နော်လဲဒါ မိသားစုနှင့် နီးစပ်သူတစ်ဦးက “ အရင်က မီးရှို့တဲ့နေအိမ်တချို့က တိုက်ပွဲဖြစ်လို့ မီးရှို့တာရှိတယ်။ မနေ့က ဆရာမနေအိမ်အပါအဝင် တစ်ခြားနေအိမ်တစ်လုံးမီးရှို့တာက ဘာတိုက်ပွဲမှ မဖြစ်ဘဲမီးရှို့သွားတာ။ နေအိမ်မှာက ဆုံးရှုံးမှုတွေက သိန်းရာနဲ့ချီ ပြီးတော့စာအုပ်တွေပါ အကုန်ပါ သွားတယ်။ မြို့မှာဒေသခံတွေမရှိဘူး၊ ပြီးခဲ့တဲ့ ဇန်နဝါရီကတည်းက လက်နက်ကြီးတွေကျတော့ ဒေသခံ တွေက တိမ်းရှောင်တာ။ မြို့မှာဆက်နေရင် လက်နက်ကြီးတွေနဲ့ပစ်တော့ လူတွေ ထိခိုက် သေဆုံးတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
လက်ရှိနေအိမ်မီးရှို့ဖျက်ဆီးခံရသည့် ဆရာမကြီး နော်လဲဒါသည် မြို့၏ ရပ်မိရပ်ဖတစ်ဦးဟုဆို၍ရသလို စစ်ကောင်စီက ရည်ရွယ်ချက်ရှိရှိနှင့် နေအိမ်မီးရှို့ခဲ့ခြင်းဖြစ်သည်ဟု နောက်ထပ် ဒေသခံတစ်ဦးကလည်း ယခုလို ပြောသည်။

“ဆရာမက ဒီဒေသကလူတွေ လေးစားရတဲ့ သူတစ်ဦးပါ။ ဆရာမတို့ မိသားစုကလည်း မြို့မှာ ရှိတဲ့လူတွေက လေးစားအားကိုးရတယ်။ စစ်တပ်က စစ်ရှောင်တွေ နေရပ်ပြန်လာခိုင်းပြီး ကျောင်း တွေပြန်လာဖွင့်ဖို့ အဲဒီက ဘာသာရေးခေါင်းဆောင်တွေကို ဖိအားပေးနိုးဆော်ခိုင်းတာရှိတယ်။ လက်နက်ကြီး အမြဲတမ်းပစ်တော့ လူတွေက မပြန်လာတော့ စစ်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ ဆရာမတို့ လို ရပ်မိရပ်ဖနေအိမ်ကို မီးရှို့တာဖြစ်ဖို့များတယ်”ဟု ပြောသည်။
ထို့အပြင် ယနေ့ နံနက်ပိုင်းအချိန်တွင်လည်း သံတောင်(၁၃)မိုင်ရှိ လူနေအိမ်အချို့ စစ်ကောင်စီတပ်က ထပ်မံမီးရှို့နေဆဲဖြစ်သည်ဟု ဒေသခံများက ပြောဆိုကြပြီး ၎င်းထပ်မံမီးရှို့ခံရ သည့်နေအိမ်အရေအတွက်နှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် ဆက်လက်ဆက်သွယ်စုံစမ်းနေဆဲဖြစ်သည်။
သံတောင်မြို့တွင် ဒေသခံများ မြို့လုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရပြီး မြို့ထဲကျန်ရှိနေသည့် ဒေသခံအချို့မှာ စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် မကြာခဏ ထိခိုက်သေဆုံးမှုရှိခဲ့သည့်အပြင် စစ်ကောင်စီတပ်၏ အကြောင်းမဲ့ ပစ်သတ်ခံရမှုများလည်း ရှိသည်ဟု မြို့ခံများက ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်၍ သံတောင်မြို့( ၁၃)မိုင်တွင် ဒေသခံ ကေအဲန်ယူ ခေါင်းဆောင် နေအိမ်များအပါအဝင် ဘာသာရေးခေါင်းဆောင်နေအိမ်များနှင့် ဒေသခံနေအိမ်များ မကြာခဏ မီးရှို့ ဖျက်ဆီးခံခဲ့ရပြီး လက်ရှိတွင် စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးခံရသည့် လူနေအိမ်အလုံးရေ ၃၀ ခန့်ရှိသွားပြီဟု ဒေသခံများက ပြောသည်။



















