Home သတင်း တောင်ကြာအင်းရွာလမ်းဖျက်ဆီးခံရပြီးနောက် ဒေသထွက်ဒူးရင်းသီးများ ခက်ခဲစွာ သယ်ယူရောင်းဝယ်နေရ

တောင်ကြာအင်းရွာလမ်းဖျက်ဆီးခံရပြီးနောက် ဒေသထွက်ဒူးရင်းသီးများ ခက်ခဲစွာ သယ်ယူရောင်းဝယ်နေရ

1041

ဇူလိုင် ၁၁ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကော့ကရိတ်မြို့နယ်ရှိ အဓိက လမ်းမကြီးတစ်ခုဖြစ်သည့် ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းကို စစ်ကောင်စီဘက်က လမ်းဖျက်ဆီးကာ သွားလာရေးပိတ်လိုက်ပြီးနောက် မိုးတွင်းကာလ ဒေသထွက်ဒူးရင်းသီးများကို သယ်ယူရောင်းဝယ်ရ ခက်ခဲလာသည်ဟု ဒူးရင်းသီးရောင်းဝယ်သူများထံမှ သိရသည်။

ပြီးခဲ့သည့် မေလ ၁၃ရက်နေ့က အဆိုပါလမ်းကြောင်းပေါ်ရှိ တောင်ကြာအင်းကျေးရွာလမ်းကို စစ်ကောင်စီတပ်မှ ဖျက် ဆီးလိုက်သည့်အတွက် ယခုလို ဒူးရင်းသီးနှင့် အခြားဒေသထွက်သီးနှံ ပေါ်သည့်အချိန်တွင် ဒေသခံများမှာ ရောင်းဝယ် ရေးအတွက် သယ်ယူပို့ဆောင်ရန် ခက်ခဲလာခြင်းဖြစ်ကြောင်း ဒူးရင်းသီး ရောင်းဝယ်နေသူ နန်းသိန်းက ယခုလို ပြော သည်။

“လမ်းက အရမ်းခက်ခဲတာပေါ့။ ကုန်ကျစရိတ်လည်းများတယ်။ အခုဆို ကမ္မရိုက်လမ်းဘက် ဘောနဲ့ ကမ်းကူးသွားရ တယ်။ အဲဒီမှာက ဘောခ စျေးအရမ်းကြီးတော့ တွက်ခြေမကိုက်ဘူး။ တောင်ကြာအင်း တံတားပေါ်မှာပဲ ဒူးရင်းသီး သယ်တယ်။ စစ်တပ်ဘက်က တစ်ခါတစ်လေ အချိန်နဲ့ပေးသယ်တာရှိတယ်။ တံတားပေါ်မှာ ဆိုင်ကယ်နဲ့ပဲပေးသယ် တော့ တံတားအောက်ကနေ အပေါ်ဘက်ကို ဒူးရင်းသီးပစ်တင်ပြီးသယ်ရတယ်။ အချိန်ယူပြီး သယ်လို့မရဘူး။”ဟု သူမက ကေအိုင်စီသို့ ပြောသည်။

တောင်ကြာအင်းတံတားအနီးတွင် စစ်ကောင်စီတပ်မှ လမ်းဖျက်ဆီးလိုက်ပြီးနောက် အဆိုပါဒေသရှိ ဒေသခံများသည် သွားလာရေး ပိုမိုခက်ခဲလာကာ ဒေသအတွင်းရှိ ဒူးရင်းသီးများလည်း လာရောက်ဝယ်ယူသူများ၏ စျေးနှိမ်ခြင်းကိုပါ ခံရ ကြောင်း ဒူးရင်းသီးခြံပိုင်ရှင်တစ်ဦးကလည်း ကေအိုင်စီသို့ ပြောဆိုသည်။

၎င်းက “အရင်တုန်းကဆိုရင် ဘယ်သူမဆို ကြိုက်တဲ့အချိန် ဒူးရင်းသီးလာဝယ်တယ်။ ရောင်းတောင် မလောက်ဘူး။ အခုက လာဝယ်တဲ့လူတော့ ရှိတယ်။ သူတို့က လာရတာ လမ်းခက်ခဲတော့ ဒူးရင်းသီးစျေးကို အရမ်းစစ်တယ်။ ခေါ်တဲ့ စျေးမရဘူး။ စျေးနှိမ်ခံရတယ်လို့ ပြောရတာပေါ့။ ပြီးတော့ တောင်ကြာအင်းတံတားမရှိတုန်းက ချောင်းမှာ လှေနဲ့ ဘော နဲ့ ဖြတ်လို့ရတယ်။ အခုက မရဘူး။ ကမ္မရိုက်တစ်နေရာပဲ ဖြတ်လို့ရတယ်။ လမ်းလည်း မကောင်းဘူး။ ဒီဘက်တစ်ခွင် က တစ်နေရာပဲရှိတော့ ကားတွေ၊ ဆိုင်ကယ်တွေများတယ်။ အချိန်မှီ မရောက်ဘူး။”ဟု ပြောသည်။

ထိုသို့ ဒေသထွက်သီးနှံများအနက် ဒူးရင်းသီးတစ်မျိုးသာ စျေးကောင်းရရှိပြီး ကျန်သည့် နာနတ်သီး၊ မင်းကွတ်သီးနှင့် သံပုရာသီးများမှာ စျေးကောင်းမရရှိကြောင်း ဒေသခံ ဥယျာဉ်ခြံ စိုက်ပျိုးလုပ်ကိုင်သူထံမှ သိရသည်။

လက်ရှိအချိန်တွင် ဒေသထွက် ပင်ရင်း ဒူးရင်းသီးစျေးမှာ အလုံးအငယ်ဆုံး ၂၀၀၀ကျပ်မှ အကြီးဆုံး ၆၀၀၀ကျပ်အထိ စျေးရှိပြီး မင်းကွတ်သီးမှာ အလုံး ၁၀၀ကို ၅၀၀၀ကျပ်နှင့် နာနတ်သီးတစ်လုံးကို ကျပ် ၁၀၀၀အောက်သာ ရောင်းစျေးရှိ သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါလမ်းကြောတွင် လမ်းဖျက်ဆီးမှုပြုလုပ်ပြီးနောက်ပိုင်း သွားလာရေးများ ခက်ခဲ လာပြီး ရပ်ရွာဒေသအတွင်း မြို့ပေါ်မှ သယ်ယူရောင်းချရသည့် ကုန်စျေးနှုန်းများမှာလည်း အဆမတန် စျေးတက်သွား ကြောင်း ဒေသခံ ရွာသူရွာသားများထံမှ သိရသည်။