Home သတင်း ၁၀ စုနှစ်တစ်ခုနီးပါးရပ်ထားသည့် ဒုက္ခသည်များတတိယနိုင်ငံသို့ အခြေချနိုင်ရေးအစီအစဉ် ပြန်လည်စတင်

၁၀ စုနှစ်တစ်ခုနီးပါးရပ်ထားသည့် ဒုက္ခသည်များတတိယနိုင်ငံသို့ အခြေချနိုင်ရေးအစီအစဉ် ပြန်လည်စတင်

1084
refugeeCamp
Photo-KRC

မေလ ၃၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် နှစ်ပေါင်းကြာနေထိုင်သည့်သူများ တတိယနိုင်ငံသို့ အစုအဖွဲ့လိုက် ပြောင်းရွှေ့နေရာချထားရေးအစီအစဉ်နှင့်ပတ်သက်၍ ၁၀စုနှစ်တစ်ခုနီးပါးကြာ ရပ်ဆိုင်းထားခဲ့ရာမှ ယခုပြန် လည်စတင်ရန် စီစဉ်နေပြီဖြစ်သည်ဟု ဒုက္ခသည်အရေးဆောင်ရွက်သူထံမှ သိရသည်။

အဆိုပါ နေရာချထားရေး အစီအစဉ်သည် အမေရိကန်အစိုးရ၊ ဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး -UNHCR နှင့် ထိုင်းတော်ဝင်အစိုးရတို့မှ ထိုင်းနယ်စပ်ရှိ ဒုက္ခသည်စခန်း ၉ ခုတွင် ခိုလှုံနေထိုင်သည့်သူများအား အမေရိ ကန်နိုင်ငံ သို့ အစုအဖွဲ့လိုက် ပြန်လည်နေရာချထားရန် သဘောတူထားကာ စတင်ရန်စီစဉ်နေခြင်းဖြစ်သည်ဟု သိရသည်။

ဒုက္ခသည်များ တတိယနိုင်ငံသို့ ပြန်လည်နေရာချထားရေးအစီအစဉ်တွင် ပါဝင်နိုင်သည့်သူများသည် ဒုက္ခသည် စခန်းထဲတွင် နေထိုင်သည့်သူများဖြစ်ရမည်ဖြစ်ပြီး ၂၀၁၉-၂၀၂၀ ခုနှစ်က ထိုင်းပြည်ထဲရေးဝန်ကြီးဌာန -MOI က ပြုလုပ်သည့် လူဦးရေ စိစစ်လုပ်ဆောင်မှုတွင်ပါဝင်သောသူနှင့် ၂၀၁၅ ခုနှစ်တွင် UNHCRက ပြုလုပ်သည့် လူဦးရေစိစစ်အတည်ပြုလုပ်ဆောင်ရာတွင် ပါဝင်သောသူများဖြစ်ရမည်ဟု သိရသည်။

ကရင်ဒုက္ခသည်များဆိုင်ရာကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက “ ဒီအစီအစဉ်ကို စတင်ဖို့ ပထမဦး ဆုံးက စခန်းထဲမှာရှိတဲ့ လူတွေကို ပြန်စစ်မယ်။ ဇွန်၊ ဇူလိုင်မှာ သူတို့ဝင်စစ်မယ်ဆိုတော့ ပါဝင်အစစ်ခံလို့ရတယ်။ ဒါပေမယ့် အဲဒီဝင်အစစ်ခံမယ့်လူတွေက ၂၀၁၅ UNHCR ထုတ်ထားတဲ့ကဒ်နဲ့ ၂၀၁၉-၂၀၂၀ တုန်းက ဝင်စစ်တဲ့ အချိန်တုန်းက ပါဝင်တဲ့သူတွေဖြစ်ရမယ်။ အဲဒီ ၂ ကြိမ်က တစ်ခုမှမရှိရင်တော့ မရဘူးပေါ့။ အဓိကတော့ မိသားစု ဝင်တွေကို သေချာအောင် ပြန်စိစစ်မယ်။ အဲဒါတွေပြီးမှ တတိယနိုင်ငံသွားမယ့်အစီအစဉ်က ဘယ်လိုရှိ လည်းဆိုတာ နောက်မှသူတို့ ပြန်ပြောပြမှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

တတိယနိုင်ငံသို့ ဒုက္ခသည်များပြန်လည်နေရာချထားရေး အစီအစဉ်နှင့်ပတ်သက်၍ ပြီးခဲ့သည့် ၂၀၁၄ခုနှစ် က တည်းက ရပ်ဆိုင်းထားခဲ့ရာမှ ယခုတဖန်ပြန်လည်ဖွင့်လှစ်ပေးခြင်းဖြစ်ပြီး ယခုပြန်လည် ဖွင့်လှစ်သည့် တတိ ယ နိုင်ငံ ပြန်လည်နေရာချထားရေး အစီအစဉ်ထဲတွင် အမေရိကန်ပြည်ထောင်စုတစ်ခုထဲကိုသာ ပါဝင်ကြောင်း သိရသည်။

နို့ဖိုးဒုက္ခသည်စခန်းတွင် မိသားစုနှင့်အတူ ဆယ်စုနှစ်တစ်ခုကျော်ကြာနေထိုင်သည့် နန်းဝေသိမ့်က”တကယ်လို့ နိုင်ငံခြားကို သွားခွင့်ရရင်တော့ ဝမ်းသာတာပေါ့ ။ ဒုက္ခသည်စခန်းမှာနေတာလည်း နှစ်ပေါင်းကြာပြီး။ ကိုယ့်အတွက်ပဲဆိုရင်တော့ ဘာမှမဖြစ်ဘူး။ ဒါပေမယ့် သားသမီးတွေရှေ့ရေးက ရှိသေးတယ်လေ။ သားသမီးတွေက ကြီးလာကုန်ပြီးဆိုတော့ သူတို့အတွက်ပဲ။ ကျမတို့က လူစစ်တဲ့အချိန်တိုင်းမှာရှိတယ်။ ” ဟု ကေအိုင်စီသို့ ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်တွင် မယ်လ၊ အုန်းဖျန်၊ နို့ဖိုး၊ မယ်လအူး၊ မယ်ရာမို၊ ထမ်းဟင်၊ ဘန့်ဒုံယန်းနှင့် ကရင်နီအမှတ် (၁)၊ အမှတ် (၂) စခန်းများ အပါအဝင် မြန်မာဒုက္ခသည်စခန်း ၉ ခုရှိပြီး လက်ရှိအချိန်တွင် လူဦး‌ရေ တစ်သိန်းဝန်းကျင် ခိုလှုံနေထိုင်လျက်ရှိသည်ဟု သိရသည်။

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံနေထိုင်သူအများစုသည် ဒေသအတွင်း မတည်ငြိမ်မှုနှင့် နယ်မြေတွင်း စစ်ရေးပဋိပက္ခဖြစ်စဉ်များကြောင့် ရောက်ရှိလာသူများဖြစ်ကြပြီး အချို့မှာ အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခသည်အဖြစ်ခံယူကာ ဒုက္ခသည်စခန်းထဲတွင် ခိုလှုံနေထိုင်ခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ၂၀၀၅-၂၀၀၆ခုနှစ်မှ စတင်ကာ တတိယနိုင်ငံများသို့ သွား‌ရောက်အ‌ခြေချ‌နေထိုင်သူများရှိသလို ၂၀၁၈ခုနှစ်တွင် ထိုင်းနှင့်မြန်မာနှစ်နိုင်ငံအစိုးရတို့၏ ဒုက္ခသည်စခန်းတွင်း နေထိုင်သူများ မိမိဆန္ဒအ‌လျောက် နေရပ်ပြန်‌ရေး (Voluntary Repatriation Center – VRC) အစီအစဉ်အရ မြန်မာနိုင်ငံတွင်းသို့ ပြန်လည် အ‌ခြေချ‌နေထိုင်သူများလည်း ရှိခဲ့သည်။

၂၀၂၁ ခုနှစ်၊ မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်တပ်က တိုင်းပြည်အာဏာကို သိမ်းပြီးနောက်ပိုင်း ဖြစ်ပေါ်လာသည့် တိုင်းပြည်မငြိမ်မသက်မှုဖြစ်စဉ်များကြောင့် VRC အစီအစဉ်ဖြင့် ပြန်လည်အခြေချနေထိုင်သူအချို့မှာ ယခင်နေထိုင်ခဲ့သော ဒုက္ခသည်စခန်းကို တဖန် ပြန်လည်ပြောင်းရွှေ့တိမ်းရှောင်လာရသူလည်းရှိသည်ဟု သိရသည်။