Home သတင်း စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံး ထိမှန်ပျက်စီး

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးဒဏ်ရာရပြီး နေအိမ် ၆ လုံး ထိမှန်ပျက်စီး

430
house damaged
Photo-KNU

မေလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ (၆)နယ်မြေ၊ ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းသို့ မေလ (၂၈) ရက်နေ့ ည ၈ နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အမျိုးသမီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၆ လုံးလက်နက်ကြီးထိမှန်ပျက်စီးခဲ့ကြောင်း ကေအဲန်ယူ ဗဟိုက ယနေ့ သတင်းထုတ် ပြန်ထားသည်။

ကျုံဒိုးမြို့ အခြေစိုက်စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း(ခမရ-၅၄၆)တပ်ရင်းမှ ၁၂၀ မမ ၊ ၁၀၅ မမ ဟောင်ဝစ်ဇာ အမြှောက်ဖြင့် ကျုံဒိုးမြို့အနီးသို့ ရမ်းသမ်းပစ်ခတ်မှုကြောင့် ကော့ကာကျေးရွာအတွင်းသို့ လက်နက်ကြီး ၂ လုံး ကျရောက် ပေါက်ကွဲခဲ့သဖြင့် ကော့ကာကျေးရွာဒေသခံ (၃) ဦးဒဏ်ရာရရှိခဲ့ပြီး ပြည်သူပိုင်နေအိမ် (၆)လုံး ပျက်စီး ခဲ့သည်ဟု ကေအဲန်ယူဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ လက်နက်ကြီးကျည် ထိမှန်သွားသူများမှာ ကော့ကာကျေးရွာနေ အသက် ၁၅ နှစ်အရွယ် စောထိန်လင်း အောင်၏ ဘယ်ဘက်ပါးစောင်းနှင့် ဘယ်ဘက်နားထင် လက်နက်ကြီး ကျည်စထိမှန်ခဲ့သလို အသက် ၂၁ နှစ်အရွယ် နော်အေးမာန်ထက်၏ ညာဘက် နောက်ကျော ကျည်စရှပ်ထိမှန်ခဲ့ပြီး အသက် ၅၇ နှစ်အရွယ် ဒေါ်သိန်းရွှေ၏ ဘယ်ဘက်လက်မောင်း ကျည်စရှပ်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

a child injured
Photo-KNU

ထို့အပြင် လက်နက်ကြီးကျည်ကြောင့် ကော့ကာကျေးရွာနေ စောထိန်လင်းအောင်၏ နေအိမ်နှင့် အိမ်အသုံး အဆောင်ပစ္စည်းများအားလုံး မီးလောင်ပျက်စီးခဲ့ပြီး မောင်ဖိုးတီး၏ နေအိမ်မှာလည်း ခေါင်မိုးနှင့် အိမ်တိုင် ပျက်စီး ခဲ့သည်။ ထို့အပြင် စောအေးမိုးဝင်း၏ နေအိမ်၊ ဦးကျော်သန်း၏ နေအိမ်၊ ဦးတလုကူ၏ နေအိမ်နှင့် ဦးဖားကူး၏ နေအိမ်တို့လည်း လက်နက်ကြီး ကျည်စထိမှန်ပျက်စီးခဲ့သည်ဟု ကေအဲန်ယူ ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

အလားတူ ပြီးခဲ့သည့် မေလ ၂၅ ရက်နေ့တွင်လည်း ကျုံဒိုးအခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဋ္ဌာနချုပ်(စကခ-၁၃)မှ ဒု−ဗျူဟာမှူး သော်ဇင်နိုင် ဦးဆောင်သည့် စစ်ကောင်စီတပ်ဖွဲ့သည် ကျေးရွာများအတွင်းသို့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများကြောင့် ကျုံဒိုးမြို့ခံ ကလေးငယ် ၁ ဦးသေဆုံးခဲ့ပြီး ၁ ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများ ပြောသည်။

ယခု မေလအတွင်း စစ်ကောင်စီတပ်၏ လူအခွင့်အရေးချိုးဖောက်မှုများနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျုံဒိုး မြို့နယ် ကော့ကာကျေးရွာအတွင်းရှိ အပြစ်မဲ့ပြည်သူ (၆) ဦး လက်နက်ကြီး ကျည်စထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်သူ ပိုင်နေအိမ် (၁၀) လုံး ထက်မနည်း လက်နက်ကြီး ထိမှန်ပျက်စီးခဲ့ကြောင်းလည်း KNU က ထုတ်ပြန်ထားသည်။