Home သတင်း ကရင်တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍတွင် တာဝန်ယူသွားရန် လူငယ်များအား KNU ဒုဥက္ကဌ တိုက်တွန်း

ကရင်တော်လှန်ရေးအတွက် ကျရာအခန်းကဏ္ဍတွင် တာဝန်ယူသွားရန် လူငယ်များအား KNU ဒုဥက္ကဌ တိုက်တွန်း

766

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်လူထုများ လိုလားတောင့်တနေသည့် ရည်မှန်းချက်ပန်းတိုင်ရရှိရန်အတွက် လူငယ်များအနေဖြင့် ကျရာအခန်းကဏ္ဍတွင် ကရင်တော်လှန်ရေးပခုံးပြောင်းတာဝန်ယူထမ်းဆောင်သွားရန် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက ယမန်နေ့ ကေအဲန်ယူ တပ်မဟာ ၇ နယ်မြေတွင် ကျင်းပသည့် ၇၄ နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားတွင် တိုက်တွန်းလိုက်သည်။

ကရင်အမျိုးသားတော်လှန်ရေးအတွက် နိုင်ငံရေး၊ စစ်ရေး၊ လူထုအရေးနှင့် အခြားအရေးအရာများကို လူငယ်များ ပြန်လည်ဆက်လက်တာဝန်ယူရမည်ဖြစ်ကြောင်း ကေအဲန်ယူ ဒုဥက္ကဌ ပဒိုစောကွယ်ထူးဝင်းက လူငယ်များအား ယခုလို တိုက်တွန်းပြောဆိုသည်။

“ကရင်တော်လှန်ရေးနှစ်ပေါင်း (၇၀) ကျော်အတွင်းမှာ လာရောက်ပူးပေါင်းသူတွေအားလုံးကို ကျေးဇူး တင်တယ်။ အထူးသဖြင့် တာဝန်ယူနေတဲ့ လူကြီးတွေကလည်း ကျန်းမာရေးအရ အသက်အရွယ်အရ နားရတော့မယ်။ တော်လှန်ရေးတာဝန်ကို လူငယ်တွေက ပြန်လည်တာဝန်ထမ်းဆောင်သွားရမယ်။ ခေါင်းဆောင်နေရာမှာ ဆက်လက်တာဝန်ယူသွားရမယ့် လူငယ်တွေဟာ လက်ရှိခေါင်းဆောင်တွေ ထက်တောင် အရည်အချင်းပိုပြည့်ဝရမယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ထို့အပြင် ကရင်တော်လှန်ရေး၏ အဓိကတာဝန်သည် မဟာလူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ကို တိုက်ထုတ်ရေးဖြစ်ပြီး လူမျိုးစု၏ တန်းတူအခွင့်အရေးကို ကျင့်သုံးကြရမည်ဖြစ်ကာ ကရင်လူမျိုးများ၏ လိုလားတောင့်တနေသည့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ကြိုးပမ်းသွားရမည်ဖြစ်ကြောင်းလည်း ကေအဲန်ယူ ဒုဥက္ကဌက ဆက်ပြောသည်။

ဆက်လက်၍ ကရင်တော်လှန်ရေးအတွက် ရှေ့ဆက်သွားသည့်အခါတွင် မိမိတို့မျှော်မှန်းချက်ကို သိရမည်ဖြစ်သလို ရင်ဆိုင်ကြုံတွေ့ရမည့် ရန်သူ၏အခြေအနေကိုလည်း ကြည့်ရမည်ဖြစ်ကြောင်း၊ မိမိအခြေအနေနှင့်ကိုက်ညီသည့် ရှေ့ဆက်လုပ်ငန်းစဉ်များကို ချမှတ်ရမည့်အပြင် အခြားသော လူမျိုးစု တော်လှန်ရေးအဖွဲ့များနှင့် ပူးပေါင်းလုပ်ဆောင်ရမည်ဖြစ်ကြောင်းလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ကရင့်တော်လှန်ရေးအောင်မြင်ရန်အတွက် ပြည်သူလူထုပူးပေါင်းပါဝင်မှုအား လိုအပ်ပြီး ပူးပေါင်း ပါဝင်မှု အားနည်းသည့်အတွက် ကရင့်တော်လှန်ရေးကာလကြာမြင့်ရသည့်အကြောင်းအရင်းတစ်ချက်လည်း ပါဝင်သည်ဟု မြင်မိကြောင်း ကရင်လူငယ်တစ်ဦးဖြစ်သည့် နော်ဘွေပစော်သောက ယမန်နေ့ ကရင့်တော်လှန်ရေးနေ့အခမ်းအနားတွင် ကေအိုင်စီသို့ ပြောသည်။

၎င်းက“ တော်လှန်ရေးဘာဖြစ်လို့ မအောင်မြင်သေးတာလဲလို့ ကျမလူငယ် တစ်ယောက် အမြင်နဲ့ပြောရမယ်ဆိုရင် အစုဖွဲ့တွေအင်အား ပြီးသွားရင် သူတို့မှာရှိတဲ့အင်အား၊ ခွန်အားတွေ မပြည့်စုံသေးလို့ မြင်တယ်။ နောက်ပြီးတာ့မှလည်း အဖက်ဖက်ပြည်သူလူထုကလည်း မပါလာ နိုင်သေးဘူးလို့ မြင်တယ်။ စစ်အာဏာရှင်ပြုတ်ကျဖို့အတွက် လူထုအားလုံးပါဝင်ဖို့လိုတယ်။ ကျမတို့ အတူတကွ ဘက်ပေါင်းစုံ တွန်းလှန်ပြီးတိုက်ခိုက်ဖို့လိုပါတယ်” ဟု ပြောသည်။

ကရင်တော်လှန်ရေးသည် မပြီးဆုံးသေးသလို တော်လှန်ရေးကာလကြာလာလျှင် စိတ်ပြောင်း လဲသွားတတ်သည့်အတွက် သတိထားရမည်ဖြစ်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု မရသေးပါက ကရင်တော်လှန်ရေးပြီးဆုံးသွားမည်မဟုတ်ကြောင်း ကေအဲန်ယူ ဗဟိုကော်မတီဝင်တစ်ဦးဖြစ်သူ ပဒိုစော သမိန်းထွန်းကလည်း ယမန်နေ့ အခမ်းအနား၌ ပြောကြားသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့သည်။

“အရေးကြီးတယ်နော်၊ တော်လှန်ရေးက ရှည်ကြာလာလို့ရှိရင် နည်းနည်းစိတ်တွေက ပြောင်းတတ်တယ်။ အဲဒါသတိထားပါ။ နွေဦးတော်လှန်ရေးမှမဟုတ်ဘူး၊ ကျနော်တို့ကရင်တွေက အစောဆုံးခံခဲ့ရတာ။ အဲဒီ တော့ ကျနော်တို့က သွေးထွက်ပြီးတိုက်တာတော့မှန်တယ်။ ဒါပေမယ့် သွေးထွက်နည်းအောင်လည်း စဉ်းစားရမယ်။ အဲဒီတော့ တော်လှန်ရေးဟာ စစ်ရေးနဲ့တွဲကိုတွဲရမယ်၊ မတွဲလို့မရဘူး။ ဖူးမူတူး စေးဖိုး(ကေအဲန်ယူ ဥက္ကဋ္ဌ)တို့လည်းပြောတယ်။ ကျနော်တို့ဟာ တန်းတူညီမျှတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနိုင်ငံကို တည်ထောင်နိုင်မှသာလျှင် ကရင့်တော်လှန်ရေးရဲ့ ပထမတစ်ဆင့် ပြီးဆုံးမှာဖြစ်တယ်”ဟု ပဒိုစောသမိန်းထွန်းက ပြောသည်။

ယမန်နေ့ ကရင့်တော်လှန်ရေးနေ့အခမ်းအနားသို့ ကေအဲန်ယူ ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးနှင့် ခေါင်းဆောင်များ၊ ကရင်လူငယ်များနှင့် KNLA ရဲဘော်များ တက်ရောက်ခဲ့ကြပြီး ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ (KWO)ကရင်အမျိုးသမီးအစည်းအရုံးနှင့် (KYO) ကရင်လူငယ်အစည်းအရုံးတို့ သဝဏ်လွှာများကို ဖတ်ကြားခြင်းအပြင် တက်ရောက်လာသော ကေအဲန်ယူ ခေါင်းဆောင်များက မိန့်ခွန်းအသီးသီးပြောကြားခဲ့ကြသည်။