Home သတင်း ဖားအံမြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီဂိတ်များ စစ်ဆေးမှု ပိုမိုတင်းကြပ်လာဟု မြို့ခံများပြော

ဖားအံမြို့တွင်း၊ မြို့ပြင်ရှိ စစ်ကောင်စီဂိတ်များ စစ်ဆေးမှု ပိုမိုတင်းကြပ်လာဟု မြို့ခံများပြော

1029
Photo: Crd.

ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ဖားအံမြို့ပေါ်နှင့် မြို့ပြင်ရှိ စစ်ကောင်စီချထားသော လုံခြုံရေးဂိတ်များတွင် ယခင်ကထက် စစ်ဆေးမှု ပိုမိုတင်းကြပ်မှုများ လုပ်ဆောင်လာကြောင်း မြို့ခံများက ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့နှင့်နီးစပ်လျက်ရှိသော ကျုံဒိုးကျေးနယ်တွင် တိုက်ပွဲများ တပတ်ကျော် ဖြစ်ပွားပြီးနောက် ဖားအံမြို့တွင်လည်း တိုက်ပွဲများ ဖော်ဆောင်လာနိုင်သည့် သတင်းများ ထွက်ပေါ်နေသောကြောင့် ဖားအံမြို့ အဝင်ဂိတ်များနှင့် မြို့တွင်းရှိနေရာများတွင် ယခုရက်ပိုင်းအတွင်း စစ်ဆေးတင်းကြပ်မှုများကို ပိုမိုလုပ်ဆောင်နေခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူ မြို့ခံတစ်ဦးက ယခုလို ပြောသည်။

၎င်းက “အခုရက်ပိုင်းက အရင်လိုမလွတ်လပ်တော့ဘူး။ သွားရလာရတာလည်း အဆင်မပြေဘူး။ ဒီဖားအံ မြို့ထဲမှာတောင်မှပဲ ဖုန်းတွေကိုစစ်နေတာ၊၊ လူငယ်တွေကိုအဓိက စစ်နေတာလို့ပဲထင်တယ်။ ပြီးတော့ ကျုံဒိုးဘက်မှာကတိုက်ပွဲဖြစ်နေတော့ ဒီဖားအံမြို့ထဲဘက်မှာလည်း တိုက်ပွဲဖြစ်နိုင်တယ်ဆိုပြီး တောင်ပြော မြောက်ပြော ပြောနေကြတာ။ အဲ့ဒါကြောင့် လည်းပါမယ်” ဟု ကေအိုင်စီ သို့ပြောသည်။

၎င်းအပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူများကိုစစ်ဆေးမှုများ ပြုလုပ်ရာတွင်လည်း လူမြင်ကွင်းများတွင် အမြင်မသင့်လျော်သည့် မဖွယ်မရာနည်းများဖြင့် စစ်ဆေးမှုများကို ယခုနောက်ပိုင်းတွင် ပြုလုပ်လာ လျက်ရှိကြောင်းလည်း ကိုယ်တိုင်ကြုံတွေ့ရသူများက ဆိုသည်။

“ကျနော့်ကို စစ်တုန်းကဆိုရင် နောင်လုံတောင်ကြားမှာ ထိတာ။ အဲ့တုန်းက စစ်ခံထိတာ ယောက်ကျားလေး သက်သက်ပဲ။ ဒီကောင်တွေက လျှောက်နှိုက်တာ ဟိုပေါင်ကြားတွေကောပဲ။ လူတွေကလည်း အများကြီးဆိုတော့ အဆင်တော့ မပြေဘူးလေ။ ဒီလိုစစ်ခံထိတာ ပထမဦးဆုံးပဲ။ ဖုန်းကကျတော့ Photo တွေထဲကိုဝင်ကြည့်တာ လုံခြုံမှုမရှိတော့ဘူး”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ဖားအံ မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

ထို့အပြင် ဖားအံမြို့တွင်းရှိ CCTV များဖြင့်လည်း စောင့်ကြည့်လျက်ရှိနေပြီး ညအချိန်မတော် ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၏ ရပ်ကွက်အတွင်းရှိ နေအိမ်များသို့ ဧည့်စာရင်းလိုက်လံစစ်ဆေးမှုများကိုလည်း ယနေ့ အချိန်ထိ လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများက ပြောသည်။