Home သတင်း အာဏာရှင်များကို ပြတ်ပြတ်သားသားတော်လှန်ကြရန် KNLA တပ်မှူးများ တိုက်တွန်း

အာဏာရှင်များကို ပြတ်ပြတ်သားသားတော်လှန်ကြရန် KNLA တပ်မှူးများ တိုက်တွန်း

1260

ဇန်နဝါရီ ၃၁ ရက်၊ ၂ဝ၂၃ ခုနှစ်။ ကေအိုင်စီ

မဟာလူမျိုးကြီးဝါဒနှင့် အာဏာရှင်စနစ်ကျင့်သုံးနေသူများအား အမြစ်ပြတ်သည့်အထိ ပြတ်ပြတ် သားသား တော်လှန်တိုက်ပွဲဝင်သွားကြရန် KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာ ယာခရိုင်နယ်မြေတစ်နေရာတွင် ယနေ့ ဇန်နဝါရီ ၃၁ ရက်နေ့ ကျင်းပသည့် ၇၄ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား၌ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မှူးများက တိုက်တွန်းပြောဆိုလိုက်သည်။

စစ်အာဏာရှင်စနစ်အား မိမိတို့၏ အနာဂတ်မျိုးဆက်အထိ မရှိစေလိုတော့သည့်အတွက် တော်လှန်ရေး ရဲဘော်များ အားလုံး စည်းစည်းလုံးလုံးဖြင့် သွေးမခွဲကြဘဲ ဘုံရန်သူအား စုပေါင်းတိုက်ထုတ်သွားကြရန် ယနေ့ ကျင်းပသည့် တော်လှန်ရေးနေ့တွင် အခမ်းအနား ဦးဆောင်သူ KNLA တပ်ရင်း ၁၆ မှတပ်မှူးတစ်ဦးက ပြောသည်။

၎င်းက “ ငြိမ်းချမ်းရေးကို ချစ်လို့ မြတ်နိုးလို့ တော်လှန်ရေး လုပ်ကြတာဖြစ်တယ်။ စစ်တပ်ဟာ ခေတ်ဆက်ဆက်ငြိမ်ချမ်းရေးမုဒိတာသုံးပြီး သွေးခွဲတယ်။ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဟာလည်း ယနေ့ထိ မခံစားကြရသေးဘူး။ အာဏာရှင်စနစ်ဟာ အနာဂတ်မျိုးဆက်လက်ထဲမှာ မရှိစေချင်တော့ဘူး။ အားလုံးပြတ်ပြတ်သားသား တော်လှန်ကြဖို့ တိုက်တွန်းပါတယ်” ဟု ပြောသည်။

ယနေ့ တော်လှန်ရေးနေ့ အခမ်းအနားတွင် တပ်ရင်းစစ်ကြောင်း တပ်ခွဲအသီးသီးမှ ကရင်အမျိုးသား အလံတော်အား ချီတက်အလေးပြုကြပြီး တော်လှန်ရေးအတွက် အသက်ပေးသွားခဲ့ကြသည့် ရဲဘော်များ အား အောက်မေ့သတိရသည့်အနေဖြင့် တစ်မိနစ်ငြိမ်သက်ကာ ဂုဏ်ပြုအလေးပြုကြသည်။ ထို့အပြင် KNU ဥက္ကဋ္ဌ မိန့်ခွန်းကိုဖတ်ကြားပြီး ကရင်တော်လှန်ရေး ဖြစ်ပေါ်လာသည့် သမိုင်းအကြောင်း အရာများကိုလည်း အခမ်းအနားတွင် ဖတ်ကြားခဲ့သည်။

အခမ်းအနားတက်ရောက်လာသူ တော်လှန်ရေး တပ်မှူးတစ်ဦးကလည်း “ ယခုတော်လှန်ရေးမှာ ပါဝင်ကြတဲ့လူငယ်တွေ စိတ်ဓါတ်အားနည်းတဲ့အတွေးတွေရှိရင် ဒီနေ့မှာပဲ ဖျောက်ကြဖို့ ပြောလိုပါတယ်။ ကရင့်တော်လှန်ရေးကနေ ဖက်ဒရယ်ဒီမိုကရေစီရတဲ့အထိ အားလုံးညီညီညွတ်ညွတ်နဲ့ အောင်ပွဲရတဲ့အထိ သစ္စာရှိရှိနဲ့ ရပ်တည်တိုက်ပွဲ၀င်သွားကြဖို့ ပြောလိုပါတယ်”ဟု အခမ်းအနားတွင် ပြောသည်။

KNU ဒူးပလာယာခရိုင်အနေဖြင့် စစ်တပ်အာဏာသိမ်းပြီးနောက်တွင် ၎င်းတို့အုပ်ချုပ်ရေးနယ်မြေအထိ စစ်ကောင်စီမှ တိုက်လေယဉ်များဖြင့် မကြာခဏ လာရောက်ဗုံးကြဲလေ့ရှိသည့်အတွက် မြို့နယ်အသီးသီးရှိ ကျေးရွာလူထုပေါင်း ၁ဝ,ဝဝဝ ကျော် အိုးအိမ်စွန့်ခွာ စစ်ဘေးတိမ်းရှောင် နေကြရသည်ဟု စစ်ရှောင်ကူညီသူများထံမှ သိရသည်။

ယခုနှစ် ကျရောက်သည့် ၇၄နှစ်မြောက် ကရင်တော်လှန်ရေးနေ့ကို သက်ဆိုင်ရာ ကေအဲန်ယူနယ်မြေများတွင် စစ်ရေးပြအခမ်းအနားများဖြင့် ထည့်သွင်းကျင်းပသည့် အစီအစဉ် မရှိဘဲ အကျဉ်းရုံးဖြင့်သာ ဂုဏ်ပြုကျင်းပခဲ့ကြသည်ဟု သိရသည်။

ဖဆပလ အစိုးရက ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO)ကို ၁၉၄၉ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့တွင် တရားမဝင်အဖွဲ့အဖြစ် ကြေညာလိုက်ပြီးနောက် အစိုးရတပ်နှင့် KNDOတို့ အကြား တိုက်ပွဲ များစတင်ဖြစ်ပေါ်ပြီး တပြည်လုံးရှိ ကရင်အမျိုးသားများက ခုခံတော်လှန်သည့်နေ့ကို အစွဲပြု၍ ကရင့်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။