Home သတင်း ကရင်အမျိုးသားတော်လှန်ရေးအပေါ် လူငယ့်အမြင်

ကရင်အမျိုးသားတော်လှန်ရေးအပေါ် လူငယ့်အမြင်

627

ကရင်အမျိုးသားတော်လှန်ရေးအပေါ် လူငယ့်အမြင်

ယနေ့ ဇန်နဝါရီလ (၃၁) ရက်နေ့သည် (၇၄ )နှစ်မြောက် ကရင်အမျိုးသားတော်လှန် နေ့ဖြစ်သည်။ ယခုနှစ် ကျရောက်သော (၇၄) နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေး နေ့ အထိမ်းအမှတ်အနေဖြင့် ကရင့်တော်လှန်ရေးအပေါ် ကျောင်းသား၊ လူငယ်အချို့၏ အမြင်နှင့် မျှော်လင့်ချက်များကို စုစည်းဖော်ပြလိုက်ပါသည်။

စောရန်ပိုင်ဦး (ကော်သူးလေ အထက်တန်းကျောင်းသား)
ကျနော် လူငယ်တစ်ယောက်အနေနဲ့ မြင်တာကတော့ အရင်က ကျနော်တို့ ခေါင်းဆောင်တွေ တော်လှန်လှုပ်ရှားခဲ့တယ်။ ရန်သူရဲ့သွေးခွဲမှုတွေကြောင့် အကွဲအပြဲ တွေဖြစ်ပေါ်လာပြီးတော့ ရန်သူနဲ့သွားရောက်ပူးပေါင်းကြတယ်။ ပြီးတော့ ညီအစ်ကို အချင်းချင်း ပြန်လည်တိုက်ခိုက်ရတဲ့အပေါ်မှာ အခက်အခဲတွေ အများကြီး ရှိလာတယ်။ ခေါင်းဆောင်တွေအချင်းချင်းကြားမှာလည်း အမြင်မတူတဲ့အပေါ်မှာ တစ်ယောက်နဲ့ တစ်ယောက် အထင်အမြင်မှားယွင်းတာတွေဖြစ်လာတယ်။ ရန်သူရဲ့ ခိုင်းစေမှုကြောင့် ခေါင်းဆောင်တွေကို လုပ်ကြံသတ်ဖြတ်တာတွေရှိလာတဲ့အတွက် တော်လှန်ရေးက အချိန်ကြာမြင့်လာတယ်။ အခုမျိုးဆက်ရောက်မှ တော်လှန်ရေးက အစကနေပြန် စတဲ့ပုံစံလိုမျိုးဖြစ်နေတယ်။ ခက်ခက်ခဲခဲ ပြန်လိုက်လုပ်ရမယ်။ အဲဒါကြောင့် တော်လှန်ရေးကာလကြာမြင့်လာဖို့ရှိတယ်လို့ မြင်တယ်။ ဘယ်လောက်ကြာမလဲ၊ ဘယ်နှစ်နှစ်လောက်ကြာမလဲကတော့ မပြောတတ်ဘူး။

နော်ဆဲဒိုနေဖော (ကော်သူးလေ၊ အထက်တန်းကျောင်းသူ)
အခုတော်လှန်ရေးက လူငယ်တွေရဲ့ အားကိုလည်း လိုအပ်တယ်။ အခုဆိုလည်း တချို့တော်လှန်ရေးလုပ်တဲ့သူတွေက ရာနှုန်းပြည့်စိတ်ထားပြီးတော့ မလုပ်ဘူး။ တချို့ဆို ရေလိုက်ငါးလိုက်လောက်ပဲ လုပ်တယ်။ တချို့ စိတ်သဘောထား ခံယူချက်တွေဆို အောင်မြင်ဖို့မရှိဘူး။ ကျမတို့ တစ်ခုလုပ်နေပြီဆိုရင် ဇွဲလုံ့လရှိပြီး ပေးဆပ်တဲ့စိတ်ရှိဖို့လိုတယ်။ တချို့ဆို ရာနှုန်းပြည့် ကြိုးပမ်းအားထုတ်ချင်တဲ့စိတ် မရှိဘူး။ တချို့ဆိုလည်း စိတ်သဘောထားမတူညီကြဘူး။ အခု ကျမတို့တော်လှန်ရေး မှာဆိုရင် ကျမတို့ကရင်လူမျိုးအချင်းချင်းမှာ စည်းလုံးညီညွတ်မှုမရှိကြဘူး။

အဲဒါကြောင့် အခုတစ်ခေါက်တော်လှန်ရေးမှာလည်း ကျမတို့ အောင်မြင်မှုပန်းတိုင် ရယူနိုင်မှာမဟုတ်သေးဘူး။ အများစုက မြင်ရတာက စည်းလုံးညီညွတ်မှုမရှိဘူး။ တချို့ဆိုလည်း သူ့ကိုယ်ကျိုးအတွက်ပဲ ကြည့်တယ်။ ပြည်သူလူထုတွေအတွက် မကြည့်ပေးတာလည်းရှိတယ်။ အားလုံးကို ပြောတာမဟုတ်ဘူး။ စည်းလုံးညီညွတ်မှု ရှိမယ်၊ ဇွဲလုံ့လရှိမယ်၊ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိမယ်ဆိုရင် ဒီတစ်ခေါက်က ဧကန်မုချ အောင်မြင်မှုကိုရယူနိုင်မယ်လို့ ကျမမြင်ပါတယ်။

စောထူးအဲ့ (ပြည်တွင်း၊ ကရင်လူငယ်)
တော်လှန်ရေးက ဘာကြောင့်အချိန်ကြာရတာလဲဆိုရင်တော့ ကျနော်တို့ ခေါင်းဆောင်တွေရဲ့ ရည်ရွယ်ချက်၊ ရည်မှန်းချက် မသေချာမရေရာလို့ ဖြစ်ပါတယ်။ မသေချာဘူးလို့ပြောတဲ့နေရာမှာ သူတို့အလုပ်လုပ်တဲ့အခါ လွဲမှားမှု၊ လွဲချော်မှု တွေရှိတယ်။ ပြီးတော့ တချို့ဆိုရင် အရှေ့ကို သွားမယ်ပေါ့။ နောက်တဆင့်တက်မယ်ပေါ့။ တချို့ဆို မသွားချင်သေးဘူး။ မသွားနိုင်သေးဘူးပေါ့။ သူတို့တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတဲ့အခါမှာ သူတို့တွေ ပြန်လည်ဆွေးနွေးပြောဆိုရတဲ့အပေါ်မှာ အချိန်ကနည်းနည်းကြာမြင့်လာတယ်။ ကျနော်တို့ လူငယ်တွေနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကရင့်တော်လှန်ရေး အောင်မြင်ဖို့အတွက် လတ်တလောမှာ ကျနော်တို့လူငယ်တွေ တတ်နိုင်သလောက် ပညာကိုရှာရမယ်။ ပညာတတ်လာတဲ့အခါမှာ ကျနော်တို့ အမျိုးသားကို ပြန်ကူညီဖို့ပေါ့။ အဲဒါလည်းပါတယ်။ ပြီးတော့ လူကြီးတွေကလည်း ပြောချင်တာက အရင်ခေါင်းဆောင်တွေ ချမှတ်လုပ်ဆောင်တဲ့ မူဝါဒလမ်းစဉ်တွေကို လိုက်နာဆောင်ရွက်ပါပေါ့။

နော်ဘွေပစောသော (လူငယ်)
လူမျိုးကြီးဝါဒ အုပ်စိုးချင်တဲ့သူ၊ လူမျိုးကြီးတစ်စုက လူနည်းစုကို ဖိနှိပ်ချင်တဲ့ သူတို့ရဲ့စနစ်ကို မကြိုက်လို့၊ လူနည်းစုက ဒီစနစ်ကို ပြုပြင်ပြောင်းလဲချင်လို့ တော်လှန်ရတာပေါ့နော်။ တော်လှန်ရေးက လူငယ်တစ်ယောက်အနေနဲ့ ဖိနှိပ်မှုကို လွတ်မြောက်ဖို့အတွက် တော်လှန်ရ ခြင်းဖြစ်ပါတယ်။ တော်လှန်ရေးက နှစ်ပေါင်း(၇၀)ကျော် ကြန့်ကြာလာတယ်။ အဲ့ဒီအပေါ်မှာ ဘာလို့မအောင်မြင်သေး တာလဲလို့ ပြောမယ်ဆိုရင် ဒီတော်လှန်တဲ့အစုအဖွဲ့တွေ အင်အား၊ ပြီးရင် သူတို့မှာရှိတဲ့ခွန်အား မပြည့်စုံဘူးလို့မြင်တယ်။ နောက်ပြီးတော့ ဒီအဖက်ဖက်က ပြည်သူလူထု ကလည်း မပါလာနိုင်သေးဘူးလို့မြင်တယ်။

နှစ်(၇၀)ကျော် တွန်းလှန်လာတဲ့အပေါ်မှာမှ မအောင်မြင်ရသေးတဲ့အကြောင်းအရင်း ကတော့ အများကြီးရှိတာပေါ့နော်။ ကျမတစ်ယောက်ထဲရဲ့အမြင်နဲ့ကတော့ လူထုတွေ အားလုံးပါဝင်သင့်တယ်။ ဒါက ဖိနှိပ်ခံ ဘဝအတွက်ရော၊ လက်ရှိ အာဏာသိမ်းသွားတဲ့ စစ်အာဏာရှင်ကျသွားဖို့အတွက်ဆိုရင် လူထုအားလုံး ပါလာနိုင်ဖို့လည်းလိုတယ်။ ကျမတို့အတူတကွ ဒီတော်လှန်ရေးကြီးမှာ ဘက်ပေါင်းစုံ ထောင့်ပေါင်းစုံကနေ တွန်းလှန်ပြီးတော့မှ ဒီတော်လှန်ရေး အမြန်ဆုံးအောင်မြင်ဖို့ အတွက် တွန်းလှန်ပြီး တော့တိုက်ခိုက်ဖို့လည်း လိုပါတယ်။

နော်အယ်နီအောင်(လူငယ်)
တော်လှန်ရေးဖြစ်ပေါ်လာရတဲ့အကြောင်းအရင်းကို ပြောရမယ်ဆိုရင် ကျမတို့ဒီမြန်မာနိုင်ငံမှာ (၁၉၄၈) ခုနှစ်ကတည်းက လွတ်လပ်ရေးရပေမယ့် ကျမတို့ ကရင်လူမျိုးတွေဟာ စစ်မှန်တဲ့ ဒီမိုကရေစီနဲ့ စစ်မှန်တဲ့လွတ်လပ်ရေးကို ကျမတို့ တကယ်မရရှိသေးဘူး။ အဲ့ဒီကနေစပြီးတော့ ကျမတို့နှစ်ပေါင်း (၇၀) ကျော်ကြာ တော်လှန်လာခဲ့တာ အခုနဲ့ဆိုရင် (၇၄)ခုနှစ်မြောက်ဖြစ် သွားပြီးပေါ့နော်။ လူငယ်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်လဲဆိုရင် ကျမတို့ စစ်ကျွန် ဘဝအောက်ကို မရောက်ချင်တဲ့အတွက်ကြောင့် ဒီတော်လှန်ရေးကို ကျမတို့ ဘိုးဘွားဘီဘင် ကတည်းက တော်လှန်လာတာဆိုရင် အခုကျမတို့အချိန်တွေ ရောက်ရှိလာတာ ဖြစ်တယ်။ အဓိကအချက်ကတော့ အာဏာရှင်ကို မကြိုက်ဘူး။ အဲ့ဒီအပြင် ကျမတို့ ဖိနှိပ်ချုပ်ချယ်ခံရတဲ့ဘဝကနေ စစ်ကျွန်ဘဝကနေ လွတ်မြောက်ချင်တဲ့အတွက်ကြောင့် တော်လှန်ရေးဖြစ်ပေါ်လာရတယ်လို့မြင်ပါတယ်။

တော်လှန်ရေးမှာ နှစ်ပေါင်း (၇၀) ကျော်ကြာရလဲဆိုရင် ကျမတစ်ယောက် တည်းရဲ့အမြင်ကတော့ ပြည်သူလူထုရဲ့ပူးပေါင်းပါဝင်မှု အားနည်းတဲ့အတွက်ကြောင့်လို့ပဲ မြင်ပါတယ်။ တစ်ဖက်မှာ ကျမတို့ ဒီကရင်လူမျိုးတွေအတွက် ကိုယ်စားပြုပြီးတော့ ရှေ့တန်းမှာတိုက်ပွဲဝင်ပေးနေတဲ့ KNLA၊ မိခင် ကေအဲန်ယူအဖွဲ့အစည်းကနေ စစ်အင်အား၊ လက်နက်အင်အား၊ လူအင်အားမလုံလောက်တာရယ်၊ အခုတော်လှန်ရေးကာလမှာ စစ်အာဏာသိမ်းပြီး နောက်ပိုင်းကစပြီး အခုချိန်ထိ တော်လှန်နေတဲ့အချိန်မှာ မိဘပြည်သူတွေ၊ ပြည်တွင်းမှာနေထိုင်နေကြတဲ့ ပြည်သူလူထုတွေရဲ့ ပူးပေါင်းပါဝင်မှု အားနည်းနေတဲ့အတွက်ကြောင့် တော်လှန်ရေးကအခုချိန်ထိ ကြန့်ကြာနေရတယ်လို့မြင်ပါတယ်။

အဲ့ဒီအတွက်ကြောင့် ကျမတို့လူငယ်တွေကပဲ တိုက်ပွဲဝင်ရုံနဲ့တော့ တော်လှန်ရေးက ပြီးဆုံးနိုင်မှာမဟုတ်ဘူး။ လူကြီးတွေရဲ့ ပူးပေါင်းပါဝင်မှု ပြီးတော့ လူငယ်တွေရဲ့ စိတ်အားထက်သန်မှုနဲ့အတူ ကျမတို့ ရှေ့ဆက်ဘယ်လိုအောင်မြင်အောင် တော်လှန်ရမလဲ ဆိုတာလည်း လူငယ်တွေအနေနဲ့ရော၊ လူကြီးတွေ၊ မိဘပြည်သူတွေရဲ့ ပူးပေါင်းပါဝင်မှုတွေ လည်း တကယ်လိုအပ်တယ်။ အဲ့ဒါမှလည်း ကျမတို့ အရွေ့တစ်ခုကို ရောက်နိုင်မှာဖြစ်တယ်လို့ ပြောချင်ပါတယ်။

စောကျော်သဒါး (လူငယ်)
တော်လှန်ရေးဆိုတာက အမျိုးမျိုးပဲလေ။ စစ်ရေးဖြစ်ဖြစ်၊ နိုင်ငံရေးဖြစ်ဖြစ် သွားတဲ့တော်လှန်ရေးလည်းရှိတယ်။ တော်လှန်ရေးက အများကြီးပြောလို့ရပါတယ်။ ပြီးတော့ တော်လှန်ရေးနောက်တစ်ခုက ခုခံတဲ့စနစ်ပါ။ ခုခံပြီး ဘယ်လိုတော်လှန်မလဲပေါ့။ နောက်တစ်ခုကတွန်းကန်တာပါ၊ မတရားမှုကို တွန်းလှန်တာပေါ့နော်။ ဥပမာ ကိုယ်ကတစ်ခါတစ်လေကျရင် သွားတိုက်မယ်။ ကိုယ့်ကိုလာတိုက်ရင်ခုခံမယ်။ တော်လှန်ရေးဆိုတာက ထိပြိုင်လှန်ပြိုင် ကိုယ်ကလည်းသူကိုပြိုင်တယ်။ သူကလည်းကိုယ့်ကိုပြိုင်တယ်ဆိုပြီး ကျနော်ကတော့ နားလည်ပါတယ်။

တော်လှန်ရေးကဘာကြောင့်ကြာရှည်သလဲဆိုရင် လူတွေနဲ့လည်းဆိုင်တယ်။ ပတ်ဝန်းကျင် နိုင်ငံရေးအခြေအနေကြောင့်လည်း ဆိုင်တယ်။ ကရင့်တော်လှန်ရေး ဘာကြောင့်ရှည်ကြာရလဲ ဆိုတော့ ကရင့်တော်လှန်ရေးအစဆိုရင် ပြည်သူပါဝင်မှုက အရမ်းအားနည်းတယ်။ နောက်ပိုင်း ကျမှ ကရင်တွေက စုစည်းလာတယ်ပေါ့နော်။ ဗမာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှု ကြောင့် ကရင်တွေဟာစည်းလုံးလာကြတယ်။ ဗမာကို မခံချင်တဲ့စိတ်တစ်ခုထဲနဲ့ တိုက်ချင်တယ်၊ သတ်ချင်တယ်။ အဲ့ဒါကြောင့်မို့လို့ ကရင်တွေက စစ်တိုက်ချင်ကြတယ်။ အများအားဖြင့် နိုင်ငံရေးဘက်မှာ အားနည်းတယ်။ နိုင်ငံရေးဘက်မှာအားနည်းတဲ့ကရင်တွေက အုပ်ချုပ်ရေး မှာလည်း အားနည်းပါသေးတယ်။ အဲ့ဒါကြောင့်ကရင်တွေက နိုင်ငံမရသေးတာပါ။ တော်လှန်ရေးကြာရှည်ရတဲ့ အကြောင်းအရင်းတစ်ခုလည်းဖြစ်ပါတယ်။

အခုနောက်ပိုင်းကျတော့ အဲ့လိုမျိုးမဟုတ်တော့ဘူး။ အတွေးအမြင်တွေပြောင်းလဲလာပြီ။ နိုင်ငံရေးရော စစ်ရေးရော ဘယ်ခြေထောက်၊ ညာခြေထောက်ပေါ့။ နိုင်ငံရေးနဲ့စစ်ရေးဆိုတာ ဘယ်ခြေထောက် ညာခြေထောက်သွားနေရတယ်လေ။ အဲ့ဒီအတိုင်းဆက်သွားနေမယ်ဆိုရင် ကေအဲန်ယူမှာ မဟာဗျူဟာ၊ နည်းဗျူဟာက အခုအဲ့ဒီအတိုင်းပဲ သွားနေတယ်။ မအောင်မြင်ရတဲ့ အကြောင်းအရင်းကလည်း လူထုထောက်ခံမှု အားနည်းတယ်။ ပြီးတော့ တော်လှန်ရေးလုပ် တယ်ဆိုတာကလည်း နိုင်ငံခြားအထောက်အကူပြုမှုတွေ၊ ငွေကြေးဓနတွေ၊ လူအင်အားနဲ့ ပညာရေးလည်း အများကြီးလိုတယ်ပေါ့နော်။ ဒီတော်လှန်ရေးလုပ်တဲ့ အဖွဲ့အစည်းတစ်ခုကို နိုင်ငံတစ်နိုင်ငံက အသိအမှတ်ပြုလိုက်ပြီဆိုရင်တော့ တော်လှန်ရေးအောင်မြင်ဖို့က အခွင့်အရေးအများကြီးရှိလာပြီပေါ့လေ။ လွယ်လွယ်နဲ့အောင်မြင်နိုင်တယ်။ တော်လှန်ရေးလုပ်ဖို့ဆိုရင် လူတွေက အများကြီးပေးဆပ် ရပါတယ်။