Home သတင်း လူထုအတွင်း တရား‌ရေးဆိုင်ရာအသိပညာပိုတိုး‌စေရန် ကရင်ဥပ‌ဒေအ‌ထောက်အကူပြုဌာန နှင့် အရပ်ဖက်အဖွဲ့များ ကြိုးပမ်းသွားမည်

လူထုအတွင်း တရား‌ရေးဆိုင်ရာအသိပညာပိုတိုး‌စေရန် ကရင်ဥပ‌ဒေအ‌ထောက်အကူပြုဌာန နှင့် အရပ်ဖက်အဖွဲ့များ ကြိုးပမ်းသွားမည်

1002
Photo: KLAC

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

လူထုအတွင်း တရား‌ရေးဆိုင်ရာ အသိပညာ ပိုတိုး‌စေရန်နှင့် တရား‌ရေးဆိုင်ရာ အ‌ထောက်အကူများ လက်လှမ်း မီ‌စေရန် ကရင်အမျိုးသားအစည်းအရုံး-KNU၏ ကရင်ဥပ‌ဒေအ‌ထောက်အကူပြုဌာန(KLAC) နှင့် ကရင်အရပ်ဖက် အဖွဲ့အစည်းများ ကြိုးပမ်းလုပ်‌ဆောင်သွားနိုင်ရန် ယမန်‌နေ့ ဇန်နဝါရီလ ၂၅ ရက်‌နေ့က နယ်စပ် တစ်‌နေရာတွင် ‌တွေ့ဆုံ ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့ကြသည်။

‌ဒေသ ‌ကျေးရွာများအတွင်း ‌ဒေသခံများ ကြုံ‌တွေ့‌နေရသည့် တရားမျှတ‌ရေးဆိုင်ရာ လိုအပ်ချက်များနှင့် စိန်‌ခေါ်မှု များကို ‌ဖြေရှင်းနိုင်‌ရေး အတူတကွ ပူး‌ပေါင်းလုပ်‌ဆောင်နိုင်ရန် ‌ဆွေး‌နွေးအ‌ဖြေရှာခဲ့ကြပြီး ‌ရှေ့လုပ်ငန်းစဉ်များကို ချမှတ်နိုင်ခဲ့‌ကြောင်း KLAC အတွင်း‌ရေးမှူး ‌နော်လွဲထူး‌စေးက ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

၎င်းက “အခုနိုင်ငံ‌ရေးနဲ့ လုံခြုံ‌ရေး အ‌ခြေအ‌နေအရ တရား‌ရေး ဝန်‌ဆောင်မှု ‌ပေးဖို့ အကန့်အသတ် အခက်အခဲ အများကြီး ရှိ‌နေတယ်။ ဒါ‌ပေမဲ့ ပြည်သူ‌တွေ တရား‌ရေးအ‌ပေါ် ယုံကြည်မှုရှိဖို့က အရမ်းအ‌ရေးကြီးပါတယ်။ ဒါ‌ကြောင့် လူထု‌တွေကို ‌ကော်သူး‌လေ ဥပ‌ဒေ သင်တန်း‌တွေ၊ ဥပ‌ဒေနဲ့ ပတ်သက်တဲ့ ‌ဆွေး‌နွေးပွဲ‌တွေ၊ ဥပ‌ဒေပိုင်းဆိုင်ရာ အချက်အလက်‌တွေကို နည်းမျိုးစုံနဲ့ ပညာ‌ပေးမျှ‌ဝေ‌ပေးသွားပါမယ်” ဟု ‌ပြောသည်။

တစ်ရက်တာ ‌ဆွေး‌နွေးပွဲအတွင်း နယ်စပ်အ‌ခြေစိုက် လူငယ်၊ အမျိုးသမီး၊ လူ့အခွင့်အ‌ရေး၊ ကျန်းမာ‌ရေး၊ ဥပ‌ဒေ ‌ရေးရာ နှင့် ပညာ‌ရေးဆိုင်ရာ အရပ်ဖက်အဖွဲ့အစည်း ၇ ဖွဲ့ ပါဝင်တက်‌ရောက် ‌ဆွေး‌နွေးသွားခဲ့ပြီး ‌ရှေ့လုပ်ငန်းစဉ် ၁ဝ ချက် ချမှတ်‌ဆွေး‌နွေးသွားခဲ့သည်။

အဆိုပါ ‌ရှေ့လုပ်ငန်းစဉ်များအ‌နေဖြင့် အရပ်ဖက်အဖွဲ့အစည်းများမှ အတူတကွ လူထုတွင်းကွင်းဆင်းပြီး ဥပ‌ဒေ ပညာ‌ပေးသင်တန်းများ ‌ပေးသွားရန်၊ တရား‌ရေးဆိုင်ရာ အကြံအဉာဏ်များ တရားမျှတမှု လက်လှမ်းမီနိုင်ရန် ‌ဆွေး‌နွေးအကြံရယူနိုင်မည့် ခရိုင်အလိုက် focal person ထားရှိသွားရန်၊ လူထုဥပ‌ဒေ အ‌ထောက်အကူပြုအဖွဲ့ (CLV) ၏ အခန်းကဏ္ဍကို မြှင့်တင်သွားရန်၊ တရား‌ရေးဆိုင်ရာ တုံ့ပြန်‌ဆောင်ရွက်နိုင်မည့် လုပ်ငန်းစဉ် ယန္တရားကို အတူတကွတည်‌ဆောက်သွားရန်တို့ ပါဝင်သည်။

ထို့အပြင် လက်ရှိ ပဋိပက္ခ ကာလအတွင်း လိုအပ်ချက်အရ‌သော်လည်း‌ကောင်း၊ ပြည်သူများ၏ ဦးစား‌ပေးမှုအရ‌သော်လည်း‌ကောင်း ဥပ‌ဒေများ၊ တရား‌ရေး စနစ်‌ပြောင်းလဲမှုများ ရှိလာပါက အချိန်နှင့်တ‌ပြေးညီ ပြည်သူများကို အသိ‌ပေးသွားမည်ဖြစ်သလို ပြည်သူများအား တရား‌ရေးဆိုင်ရာ အကြံ‌ပေးခြင်း ပြုလုပ်သွားမည်ဖြစ်ပြီး တရား‌ရေးဆိုင်ရာ အကြံရယူလိုသူများအ‌နေဖြင့်လည်း KLAC နှင့် CLV မှတစ်ဆင့် အကြံ‌ပေးခြင်းများ ပြုလုပ်‌ပေးသွားမည်ဖြစ်‌ကြောင်းလည်း သိရသည်။