ဇန်နဝါရီ ၂၆ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
မြဝတီ နယ်စပ်စခန်းမှပို့ကုန်ရော သွင်းကုန်ပါမြင့်တက်လာသည့် အတွက် ယခုဘဏ္ဍာနှစ်သစ်သုံးလခွဲအတွင်း အမေရိကန်ဒေါ်လာ ၇၀၅ ဒဿမ ၆၂၇ (၇၀၅.၆၂၇)သန်းကုန်သွားနိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက်ဒေါ်လာသန်း (၄၀၀)ကျော် ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း သိရှိရသည်။
ယခုဘဏ္ဍာနှစ်သစ် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁)ရက်နေ့မှ ၂၀၂၂ ဇန်နဝါရီလ ၁၄ ရက်နေ့ထိ သုံးလခွဲအတွင်း ယခင်နှစ်ကာလတူကထက် အမေရိကန်ဒေါ်လာ ၄၀၅. ၆၅၇သန်း ပိုမိုကုန်သွယ်နိုင်ခဲ့ကြောင်း စစ်ကောင်စီ ထိန်းချုပ်မှုအောက်ရှိ ကုန်သွယ်ရေးဝန်ကြီးဌာနက စာရင်းထုတ်ပြန်ထားခြင်းဖြစ်သည်။
မြန်မာ့လယ်ယာထွက်ကုန်ပြောင်းဆံများအား ဩဂုတ်လကုန်မှ ဇန်နဝါရီလကုန်ထိ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ခွင့်မရသော်လည်း အခြား လယ်ယာထွက်ကုန်နှင့် CMP ချုပ်ထည်များတင်ပို့မှု များလာ၍ ပို့ကုန်တင်ပို့မှု မြင့်တက်လာခြင်းဖြစ်သည်ဟု မြဝတီနယ်စပ်ကုန်သည်တစ်ဦးက ပြောသည်။
ထို့အပြင် ပြည်တွင်းသို့ တင်သွင်းရာတွင်လည်း ယခင်က သွင်းကုန်လိုင်စင် လျှောက်ထားရန်မလိုသည့် ကုန်စည်များမှာ ယခုအခါလိုင်စင် လျှောက်ထား ရမည်ဆိုသော ကုန်သွယ်မှုမူဝါဒအပြောင်းအလဲကြောင့် ကုန်သွယ်မှု လျော့ကျ လာမည်ဟု ယေဘုယျအားဖြင့် ထင်မြင်ထားကြသော်လည်း ပြည်တွင်း ဝယ်လိုအားများပြားနေခြင်းကြောင့် သွင်းကုန်ပမာဏမှာ ပိုမိုများပြားလာခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။
မြဝတီနယ်စပ်ကုန်သွယ်ရေးမှာ ကိုဗစ်-၁၉ ကာလ၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့် မြန်မာ ငွေဈေးလျော့ကျမှု၊ ကုန်သွယ်မှုမူဝါဒအပြောင်းအလဲများကြောင့် ယခင် ပုံမှန်အခြေ အနေထက် ကုန်သွယ်မှု ပမာဏ လျော့ကျလိမ့်မည်ဟု ထင်သော်လည်း ယခင်နှစ် ကထက် ပိုမိုကုန်သွယ်နိုင်ခဲ့သည့် အခြေအနေတွင် ရှိနေသည်။
မြဝတီနယ်စပ်မှ ထိုင်းနိုင်ငံဘက်သို့ ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်မှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၁၄ ရက်နေ့ထိ သုံးလခွဲကာလအတွင်း မြန်မာလယ်ယာ ထွက် ကုန် ၊ ပဲ၊ ကြက်သွန်၊ ငရုပ်နှင့် CMP ချုပ်ထည်များတင်ပို့မှုမှာ အမေရိကန် ဒေါ်လာ (၂၆၉.၈၄၅)သန်းထိ တင်ပို့နိုင်သည့်အတွက် ယခင်နှစ်ကာလတူက ကုန်သွယ်ခဲ့ သည့် (၇၀.၇၇၆)သန်းထက် ဒေါ်လာ (၁၁၉.၀၆၉)သန်းပိုမိုများပြားလျက်ရှိသည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာနက ထုတ်ပြန်ထားသည်။

ထို့အတူ သွင်းကုန်ပမာဏတွင်လည်း ယခုဘဏ္ဍာနှစ်သုံးလခွဲအတွင်း အမေရိကန် ဒေါ်လာ (၄၃၅.၇၈၂) သန်းဖိုးထိတင်သွင်းထားသည့်အတွက် ယခင်နှစ်ကာလတူက တင်သွင်းခဲ့သည့် ဒေါ်လာ(၂၃၉.၁၉၄)သန်းထက် ဒေါ်လာ(၂၀၆.၅၈၈) သန်း ပိုမိုတင် သွင်းနိုင်ခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။
Covid.19 အရေးပေါ်ကာလအဖြစ် ၂၀၂ဝ ခုနှစ်၊ မတ်လ ၂၁ ရက်နေ့မှစတင်၍ မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ် (၁) ချစ်ကြည်ရေးတံတားပေါ်နှင့် နယ်ခြား သောင်ရင်းမြစ် တစ်လျှောက်ရှိ လှေဂိတ်ပေါင်း ၃ဝ နီးပါးကို ခရီးသည်သွားလာမှုနှင့် ကုန်သွယ်မှု မပြုရန်ကန့်သတ်ထားသော်လည်း ကုန်စည်စီးဆင်းမှုမပြတ်တောက် စေရေးအတွက် နှစ်နိုင်ငံတာဝန်ရှိသူများ၊ နယ်စပ်ကုန်သည်များက ညှိနိုင်းကာ အမှတ်(၂) ချစ်ကြည်ရေးတံတားမှသာ ကုန်သွယ်မှုကိုခွင့်ပြုထားသည်။
သို့ရာတွင် မြန်မာ့ကုန်တင်ယာဉ်နှင့် ဒေသသုံးစားသောက်ကုန်များဝယ်ယူသည့် ခေါက်တိုကားငယ်များမှာ အမှတ်(၂)ချစ်ကြည်ရေးတံတား ထိုင်းဘက်ခြမ်း Cargo gate ထိသာ သွားလာခွင့်ရပြီး ယခင်ကကဲ့သို့ မဲဆောက်မြို့ထဲသို့ သွားလာခွင့်မရ သော်လည်း ထိုင်းကုန်တင်ယာဉ်များ၊ ထိုင်းကားများမှာမူ မြဝတီမြို့တွင်း သာမက ကုန်သွယ်ရေးဇုန်ထိ သွားလာခွင့်ပြုထားခြင်းမှာ ကုန်စည်တင်ပို့မှုတွင် မျှတမှု မရှိကြောင်း မြဝတီဒေသခံများက တောက်လျှောက် ဝေဖန်ပြောကြား လျက်ရှိနေသည်။
“ကျနော်တို့ မြန်မာလူကြီးတွေ အထူးသဖြင့် မြဝတီကတာဝန်ရှိသူတွေဟာ ထိုင်းကို ဘောမနေကြတာ။ ထိုင်းကားတွေကျတော့ မြို့တွင်းရော ကုန်သွယ်ရေးဇုန်ထိပါ သွားလို့ရတယ်။ မြန်မာကားတွေကျတော့ ထိုင်းဘက်ကမ်း တံတား(BCF)ဇုန် Cargo Gate ထိဘဲသွားလို့ရတယ်၊ ဒါဟာ တရားမျှတမှုမရှိဘူး။ မြဝတီကဈေးသည်၊ ဈေးဝယ်တွေ အရမ်းအခက်အခဲဖြစ်ရတယ်၊ ကျနော်တို့ ခံနေရတာ တစ်နှစ်ကျော် နှစ်နှစ်နီးပါးရှိပြီး။ ဒီအခြေအနေကို တာဝန်ရှိလူကြီးတွေအနေနဲ့ ပြန်သုံးသပ်ဖို့ ကောင်းတယ်”ဟု မြဝတီမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။
လက်ရှိ မြဝတီနယ်စပ်တွင် လာမည့် ဖေဖော်ဝါရီလ(၁)ရက်နေ့ ထိုင်းနိုင်ငံသို့ မြန်မာ့ ပြောင်းဆန်များစတင် အခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့ရန် နယ်စပ်ပြောင်းကုန် သည်များ ပြင်ဆင်လျက်ရှိနေသည်။
ထိုသို့ ထိုင်းနိုင်ငံဘက်သို့ ပြောင်းဆန်များအခွန်ကင်းလွတ်ခွင့်ဖြင့် တင်ပို့မှုကို နှစ်စဉ် ဖေဖော်ဝါရီလ (၁)ရက်မှ ဩဂုတ်လ(၃၁)ရက်နေ့ထိသာ တင်ပို့ရပြီး ထိုင်းနိုင်ငံအတွင်း ပြောင်းထွက်ချိန် ဩဂုတ်လ(၁) ရက်နေ့မှ ဇန်နဝါရီလ (၃၁) အတွင်းတွင်မူ ထိုင်းဘက်ခြမ်းက အဆမတန် အခွန်အခတိုးမြှင့်ထားသဖြင့် မြန်မာ့ပြောင်းဆန်တင်ပို့မှုကို ရပ်ဆိုင်းထားရကြောင်း သိရသည်။



















