Home သတင်း Silence Strike(အသံတိတ်သပိတ်)တွင် ပါဝင်ပါက အ‌ရေးယူမည်ဟု မြဝတီမြို့ စစ်‌ကောင်စီ အုပ်ချုပ်‌ရေး လိုက်လံ‌ကြော်ငြာ

Silence Strike(အသံတိတ်သပိတ်)တွင် ပါဝင်ပါက အ‌ရေးယူမည်ဟု မြဝတီမြို့ စစ်‌ကောင်စီ အုပ်ချုပ်‌ရေး လိုက်လံ‌ကြော်ငြာ

1196
Photo: CJ

ဇန်နဝါရီ ၂၅ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

အာဏာသိမ်းမှုတစ်နှစ်ပြည့်မည့် ‌ဖေ‌ဖော်ဝါရီလ(၁)ရက်‌နေ့တွင် ပြုလုပ်ရန် လိုက်လံနိုး‌ဆော်မှုရှိသည့် Silence Strike(အသံတိတ်သပိတ်)အစီအစဉ်တွင် မြို့‌ပေါ်ရပ်ကွက်များအတွင်း ‌နေထိုင်သူများအ‌နေဖြင့် ပါဝင်ပါက ဥပ‌‌ဒေမျိုးစုံနှင့်အ‌ရေးယူမည်ဟု မြဝတီမြို့ စစ်‌ကောင်စီအုပ်ချုပ်‌ရေးက ယ‌နေ့ ဇန်နဝါရီလ ၂၅ရက်၊ ည‌နေပိုင်းက လိုက်လံ‌ကြော်ငြာ‌နေ‌ကြောင်း မြို့ခံများက ‌ပြောသည်။

အာဏာသိမ်းမှုတစ်နှစ်ပြည့်မည့် ၂၀၂၂ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ(၁)ရက်‌နေ့တွင် ပြည်သူလူထုအ‌နေဖြင့် အသံတိတ်သပိတ်ဆင်နွှဲရန် စစ်အာဏာသိမ်းမှုဆန့်ကျင်‌ရေးအင်အားစုများဘက်က တိုက်တွန်း နိုး‌ဆော်မှုများရှိလာခြင်း‌ကြောင့် မြဝတီမြို့ စစ်‌ကောင်စီအုပ်ချုပ်‌ရေးက ယခုလို လိုက်လံ‌ကြော်ငြာမှုများလုပ်‌ဆောင်လာခြင်းဖြစ်သည်။

အမည်မ‌ဖော်လိုသူ မြို့ခံတစ်ဦးက “အခုည ‌နေမှာ ‌လော်ကား နဲ့ လိုက်‌ကြေငြာ‌နေတယ်။ NUG /CRPH/PDF ‌တွေ ဟာ အကြမ်းဖက်အဖွဲ့ အစည်း‌တွေ ဖြစ်တယ်၊ အဲ့ဒီအဖွဲ့ ‌တွေကို ‌ထောက်ခံရင် ပတ်သက်ရင် သူတို့ လုပ်မယ့် အသံတိတ်သပိတ်မှာ ပါဝင်မယ်ဆိုရင်၊ ဆိုင်‌တွေ ပိတ်ထားမယ်ဆိုရင် စည်ပင်ဌာနက ‌ဈေးဆိုင်‌တွေကို ပိတ်သိမ်း အ‌ရေးယူမယ်။ အသံတိတ်သပိတ်မှာ ပါဝင်မယ်ဆိုရင်လည်း အ‌ရေးယူခံရမယ်ဆိုပြီး ‌လော်နဲ့ လိုက်‌အော်‌နေတယ် “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Silence Strike (အသံတိတ်သပိတ်) ပြုလုပ်ခြင်း၊ လက်ခုပ်တီး၊ သံပုံးတီးခြင်းအပြင် ကားဟွန်းတီးသည့် အသံထွက်သပိတ်များ ပြုလုပ်ပါက အကြမ်းဖက်မှု တိုက်ဖျက်‌ရေးဥပ‌ဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က၊ ပုဒ်မ ၅၀၅-က၊ အီလက်ထ‌ရောနစ်ဆက်သွယ်‌ဆောင်ရွက်‌ရေးဥပ‌‌ဒေပုဒ်မ ၃၃(က)အပြင် တခြား တည်ဆဲဥပ‌ဒေများနှင့်ပါ အ‌ရေးယူခံရနိုင်သည်ဟု ယ‌နေ့ စစ်‌ကောင်စီဘက်က သတိ‌ပေးထုတ်ထားသည်။

အဆိုပါ အသံတိတ်သပိတ်ကို ပြီးခဲ့သည့်နှစ် မတ်လနှင့် ဒီဇင်ဘာလများတွင်လည်း ပြုလုပ်ခဲ့ပြီး မြို့‌နေလူထုအများစု ပါဝင်ခဲ့ကြသလို စစ်‌ကောင်စီဘက်ကလည်း မြို့ နယ်များတွင် ပြည်သူများ၏ ပစ္စည်းများကို သိမ်းဆည်းယူ‌ဆောင်မှုများ မြို့ကြီး ‌တော်‌တော်များများတွင် ဖြစ်ပွားခဲ့သည်။

Photo: CJ