ဇန်နဝါရီ ၂၅ ရက်၊ ၂၀၂၂ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူတြော်ခရိုင် တပ်မဟာ(၅)နယ်မြေတွင် ပြီးခဲ့သည့် ဇန်နဝါရီလ ၂၂ ရက်နေ့ တစ်ရက်အတွင်း တိုက်ပွဲ ၆ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်မှ (၈)ဦးသေဆုံးပြီး (၇)ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ကေအဲန်ယူ-မူတြော်ခရိုင်သတင်းစဉ်က ယမန်နေ့ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ထုတ်ပြန် ထားသည်။
ဇန်နဝါရီလ ၂၂ ရက်နေ့၊ နံနက် (၂)နာရီခန့်တွင် ဃော်ဝါးထဒေသရှိ လမ်းတံတားဂိတ်၊ နံနက် (၆)နာရီခွဲတွင် ဖာပွန်အနောက်ဘက်နှင့် နံနက်(၁၀)နာရီတွင် သစ်တစ်ပင်ကုန်း စစ်ကောင်စီတပ်စခန်းတို့ကို နယ်မြေခံ ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)က ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၄)ဦး သေဆုံးပြီး (၆)ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။
၎င်းအပြင် ထိုနေ့ နံနက် ၁ဝ နာရီ ၂ဝ မိနစ်တွင် လွယ်မူပလောဒေသ ပစော်ဖောလူ့နေရာ၊ နံနက် (၁၁)နာရီခန့်တွင် ထီးတကလိုကုန်းဒေသနှင့် နေ့လည် (၁၂)နာရီတွင် ဝါးပလားခိုဒေသတို့ကို KNLA တပ်ဖွဲ့က ထပ်မံ ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၄ ဦး ထပ်မံသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု မူတြော်ခရိုင် သတင်းစဉ်တွင် ဖော်ပြပါရှိသည်။
အလားတူ ထိုနေ့ နံနက် ၈ နာရီအချိန်တွင် BGF ခေါင်းဆောင်ဖြစ်သူ ဗိုလ်လှကြိုင်၏ အမိန့်ပေးစေခိုင်းမှုဖြင့် လက် နက်ကြီးပစ်ခတ်မှုများလုပ်ဆောင်ခဲ့ရာတွင် သော်ဃယ်ထကျေးရွာထဲသို့ လက်နက်ကြီး ၈ လုံးကျရောက် ပေါက်ကွဲခဲ့သည်ဟု မူတြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ (၂၀) ရက်နေ့တွင်လည်း ဖာပွန်အနောက်ဘက်ကမ်းဒေသရှိ ကျေးရွာအချို့တွင် စစ်ကောင်စီ တပ် ခမရ (၃၄၁) တပ်ရင်းမှ တပ်ဖွဲ့ဝင်များသည် ဒေသခံလူထုများကို သွားရောက်ခြိမ်းခြောက်ပြောဆိုမှုများ လုပ်ဆောင်သည့်အတွက် ဒေသခံအချို့မှာ ရွာထဲတွင် မအိပ်ရဲတော့ဘဲ တိမ်းရှောင်ရသူများရှိကြောင်း မူတြော်ခရိုင် သတင်းစဉ်က ထုတ်ပြန်ထားသည်။
ထို့အတူ ယမန်နေ့ ဇန်နဝါရီလ ၂၄ရက်နေ့တွင် ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့နယ် တဂေးရွာတွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်လာသည့်အတွက် နယ်မြေခံ KNLA တပ်မဟာ ၆၊ တပ်ရင်း ၁၇နှင့် ထိပ်တိုက်ပစ်ခတ်မှုဖြစ်ပွားပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် (၂) ဦးသေဆုံးကာ (၃) ဦးဒဏ်ရာရရှိခဲ့သည်ဟု ဒေသတွင်းသတင်းအရင်းအမြစ်အရ သိရသည်။



















